Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ဆူဒန် ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းတွေ ပျောက်ဆုံးနေ

တောင်ဆူဒန် နိုင်ငံမှာ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းတွေ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - MSF

တောင်ဆူဒန် နိုင်ငံမှာ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းတွေ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နယ်စည်းမခြား ဆရာဝန်များ (MSF)အဖွဲ့က ဖွင့်လှစ်ပေးထားပြီး အီသီယိုးပီးယား နိုင်ငံနဲ့ ထိစပ်ရာ ဂျောင်ဂလိုင် ပြည်နယ်ထဲက ဆေးရုံဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းတုန်းက တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး အရေအတွက် အတိအကျ မသိရတဲ့ ဝန်ထမ်းတွေ ပျောက်ဆုံးနေတယ်လို့ MSFက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ထိခိုက်သေကြေမှု အခြေအနေတွေကို တိတိကျကျ သိရှိနိုင်ဖို့ ရုန်းကန်နေရဆဲလို့လည်း MSFက ပြောပါတယ်။ တောင်ဆူဒန် အစိုးရတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့မှာပဲ ဂျောင်ဂလိုင် ပြည်နယ်ထဲက ပီယိုင်မြို့နားမှာ ဖွင့်ထားတဲ့ MSF ဆေးခန်းတစ်ခုကို ဘယ်သူဘယ်ဝါ မသိရတဲ့ လက်နက်ကိုင်တွေက မွှေနှောက် လုယက်သွားခဲ့ကြောင်း၊ အကျိုးဆက်အနေနဲ့ ဆေးခန်းဟာ ဒေသခံတွေကို ကူညီပေးဖို့ ဆက်ပြီး လည်ပတ်နိုင်စွမ်း မရှိတော့ကြောင်း MSFက ဆိုပါတယ်။

တောင်ဆူဒန်မှာ အစိုးရနဲ့ ပြိုင်ဘက် အင်အားစုကြားက တိုက်ပွဲတွေဟာ ကာလတစ်ခုကြာ ရပ်ဆိုင်းနေရာကနေ လတ်တလော ဂျောင်ဂလိုင်မှာ ပြန်လည် စတင်ဖြစ်ပွားနေပါတယ်။ သမ္မတ ဆယ်လ်ဗာကာရ်ကို သစ္စာခံတဲ့ အစိုးရ တပ်တွေဟာ အာဏာသိမ်းဖို့ ကြံစည်ကြောင်း စွပ်စွဲခံရပြီး ရာထူးက ဆိုင်းငံ့ခံခဲ့ရတဲ့ ဒုတိယ သမ္မတ ရိုင်းခ်မာချာကို သစ္စာခံတဲ့ တပ်တွေနဲ့ တိုက်နေကြတာ ဖြစ်ပါတယ်။

၂၀၁၁ တုန်းကမှ ဆူဒန်နိုင်ငံကနေ ခွဲထွက်လာတဲ့ ကမ္ဘာ့သက်တမ်း အနုဆုံး နိုင်ငံလေးမှာ အခုလို အာဏာလွန်ဆွဲမှုကြောင့် ပြည်တွင်းစစ်မီး တကျော့ပြန် တောက်လောင်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ တောင်ဆူဒန်ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ ဖူလုံမှုတွေနဲ့ ပတ်သက်ရင် လိုအပ်ချက် အကြီးမားဆုံး ဇုန်နယ်မြေ တစ်ခုလို့ သိရပါတယ်။

ဒေသတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကို ကြိုရလို့ ဆေးရုံမှာရှိတဲ့ လူနာတွေကို ပြန်လွှတ်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းတွေလည်း ရှိမနေခဲ့ကြောင်း၊ ဒါပေမဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတချို့ကတော့ ဆေးရုံမှာ ဆက်ပြီး ရှိနေခဲ့တယ်လို့ ယူဆရကြောင်း MSFက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်ဖက်က ကျူးလွန်သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ MSFကတော့ တောင်ဆူဒန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ အရင်းအမြစ်မျိုးကို အစိုးရ စစ်တပ်ကပဲ ပိုင်ဆိုင်တယ်လို့ ပြောကြားထားပါတယ်။

MSFဟာ တောင်ဆူဒန်မှာ ကယ်ဆယ်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မစ်ရှင်တွေ ဖြန့်ကျက် ဆောင်ရွက်နေပြီး မနှစ်တုန်းက တိုက်ခိုက်မှု ၈ ကြိမ် ကြုံခဲ့ရပါတယ်။ ဒါကြောင့်လည်း နိုင်းလ်စ်မြစ် အထက်ပိုင်းမှာရှိတဲ့ ဆေးရုံနှစ်ခုကို ပိတ်ခဲ့ရပြီး တခြားဒေသတွေက ဆေးခန်းတွေကိုလည်း ယာယီ ပိတ်ခဲ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။