ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။
တရုတ် အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် တရုတ်က ပိုမို ချိုးနှိမ် ဖိနှိပ်လာတဲ့နောက် လိုင်ဟာ အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတော် လုံခြုံရေးကဏ္ဍကို ထိခိုက်ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ဒီဇင်ဘာလမှာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်မှာ ပြစ်ဒဏ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၈ နှစ်အရွယ် လိုင်ဟာ ပြည်ပ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်တွင်းဆူပူမှုတွေကို လှုံ့ဆော်ပေးခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။ တရားစီရင် စစ်ဆေးနေတဲ့ ကာလတလျှောက်မှာတော့ လိုင်က သူဟာ ဘာအပြစ်မှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ အမြင့်ဆုံး ထောင်ဒဏ်တစ်သက်ထိ ပြစ်ဒဏ်မျိုး ချမှတ်နိုင်ပါတယ်။
လူ့အခွင့်အရေးနဲ့ မီဒီယာ လွတ်လပ်ခွင့် အဖွဲ့အစည်းတွေကတော့ လိုင်အတွက် စီရင်ချက် ချမှတ်လိုက်ချိန်မှာ အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့် ရှိပါတယ်ဆိုတဲ့ အပေါ်ယံ မျက်နှာစာဟာ လုံးဝ ပြိုကျသွားပြီ ဖြစ်ကြောင်း၊ တရားရုံး ဆုံးဖြတချက်ဟာ ဟောင်ကောင်ရဲ့ မီဒီယာ လွတ်လပ်ခွင့် ပြိုလဲမှုကို မြင်သာစေပြီး အာဏာပိုင်တွေက လွတ်လပ်တဲ့ ဂျာနယ်လစ်ပညာရပ်ကို ချိုးနှိမ်လိုတယ်ဆိုတာ ထင်ရှားလာကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ကလည်း လိုင်ကို နှစ်ရှည် ထောင်ဒဏ် စီရင်ချက် ချမှတ်လိုက်တာဟာ သေဒဏ်ချလိုက်တာနဲ့ မခြားဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ ဒီပြစ်ဒဏ်ရဲ့ ပြင်းထန်မှုဟာ လုံးဝ မမျှတဘဲ လွတ်လပ်တဲ့ မီဒီယာတွေအပေါ် ဖိနှိပ်ချိုးနှိမ်ဖို့ တရုတ် အစိုးရက စိတ်ပိုင်းဖြတ်ထားတဲ့ လုပ်ရပ်မျိုးဖြစ်ကြောင်း HRWက ကြေညာပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ကလည်း ဒီစီရင်ချက်ဟာ တစ်ချိန်က ဟောင်ကောင်ဆိုတာ တရားဥပဒေ စိုးမိုးမှုနဲ့ အုပ်ချုပ်တဲ့ မြို့ပြနိုင်ငံ ဖြစ်ခဲ့ရာက အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ ပုံစံဆီ ပြောင်းသွားပြီဆိုတာ မြင်သာစေခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
လိုင်ဟာ ဗြိတိန် နိုင်ငံသား ခံယူထားသူဖြစ်ပြီး သူ့ကို တရားစွဲဆိုမှုဟာ နိုင်ငံရေး စေ့ဆော်မှုတွေ ပါဝင်နေတယ်လို့ ဗြိတိန် အစိုးရက စွပ်စွဲခဲ့သလို လိုင်ကို လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါပေမဲ့ တရုတ် အစိုးရ မီဒီယာကတော့ လိုင်ဟာ အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်အားပေးတဲ့ သစ္စာဖောက် တစ်ဦးအဖြစ် စွပ်စွဲ တံဆိပ်ကပ်ခဲ့ပါတယ်။
လိုင်ဟာ အခုအခါ ဖျက်သိမ်း ခံခဲ့ရပြီးဖြစ်တဲ့၊ ဟောင်ကောင်မှာ လူကြိုက်များခဲ့တဲ့ Apple Daily သတင်းစာကို ထူထောင်ခဲ့ပါတယ်။ သူ့ရဲ့ သတင်းစာတိုက်ဟာ ၂၀၁၀ ပြည့်လွန် နှစ်တွေကစလို့ တဖြည်းဖြည်း အားကောင်းလာတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုတွေကို အစဉ်တစိုက် အားပေး ထောက်ခံခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် ဒီမိုကရေစီရေး အုံကြွမှုကြီးကို တရုတ် အစိုးရက ဖြိုခွင်းခဲ့တဲ့ နောက်မှာတော့ တင်းကျပ် ကြမ်းတမ်းလှတဲ့ အမျိုးသား လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းလာခဲ့ပါတယ်။ အဲဒီ ဥပဒေဟာ တရုတ် အစိုးရကို ဆန့်ကျင်လိုသူ အများစုကို ရာဇဝတ်သားတွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှာ လိုင်က အဖမ်းခံခဲ့ရပြီး အဲဒီဥပဒေအောက်မှာပဲ စွဲချက် အတင်ခံခဲ့ရပါတယ်။ သူ့ရဲ့ သတင်းစာတိုက်လည်း ၂၀၂၁ ခုနှစ်မှာ ပိတ်ခဲ့ရပါတယ်။
မကြာသေးခင်က ဘေဂျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တဲ့အခါ လိုင်ရဲ့ကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ပြောပေမယ့် လိုင်လွတ်မြောက်ရေးကိစ္စ ညှိနှိုင်းနိုင်ခဲ့သလား ဆိုတာကိုတော့ ထည့်သွင်း မှတ်ချက် မပေးခဲ့ပါဘူး။ လိုင်ရဲ့ သားဖြစ်တဲ့ ဆီဘက်ရှန် လိုင်ကတော့ ဗြိတိန် အစိုးရဟာ သူ့ဖခင်အတွက် လုံလုံလောက်လောက် အားထုတ်မပေးခဲ့ဘူးလို့ ဝေဖန်ထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း သူဟာ လိုင်ရဲ့ လွတ်မြောက်ရေးအတွက် ကူညီ ညှိနှိုင်းပေးမယ်လို့ ပြောကြားထားပါတယ်။
တစ်ဖက်မှာလည်း လိုင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ ရှိလာနေပါတယ်။ မိသားစုရဲ့ အဆိုအရ လိုင်ဟာ ထောင်ထဲမှာ ရှိနေချိန်အတွင်း သိသိသာသာ ပိန်ချုံးသွားခဲ့သလို သွားတွေလည်း ပျက်စီးလာနေပြီလို့ သိရပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ကတည်းက အချုပ်နှောင် ခံထားရပြီး အချိန်အများစုကို တစ်ဦးတည်း သီးသန့်အခန်းမှာ ဖြတ်သန်း ကုန်ဆုံးခဲ့ရပါတယ်။ ဟောင်ကောင် အာဏာပိုင်တွေကတော့ လိုင်ဟာ သင့်တော်တဲ့ ဆေးဝါးကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိကြောင်း ပြောကြားခဲ့သလို လိုင်ကိုယ်တိုင်က တခြားအကျဉ်းသားတွေနဲ့ ရောနှောမနေချင်ကြောင်း တောင်းဆိုထားတာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
ကိုးကား: Guardian


















































