မတ် -၉၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊အောင်လံမြို့နယ်က အမှတ်(၁၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၅)က စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် စစ်တပ်စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အောင်လံမြို့နယ် ရွာမထုံးကျေးရွာအနီး အခြေစိုက်ထားတဲ့ ကပစ(၁၅)ကနေ အင်အား ၅၀ ဝန်းကျင်နဲ့ မကျီးရုံကျေးရွာဘက်ကို မတ်လ ၈ ရက်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“ငါးယောက်လားမသိဘူး ထွက်ပြေးတယ်ကြားတယ်။၇ ရက်နေ့ညက ပြေးတာတဲ့။အခုက စစ်ကားတွေနဲ့ပါသုံးပြီး ကပစ(၁၅)အောက်ဘက်ခြမ်းကရွာတွေကို ဝင်လာတယ်”လို့ အောင်လံမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါကြောင့် မကျီးရုံ၊လယ်တီ၊ဆင်ကြံ၊ဆင်တဲနဲ့ မောင်းမလှုပ်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်ရှောင် နေရတာရှိတယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့ ဆီရောက်ခဲ့တဲ့စစ်ကြောင်းက အောင်လံဘက်ကို ရောက်တယ်။အောင်လံ မကွေးတို့ဘက်ကို စစ်ကြောင်းထိုးမယ်ကြားတယ်။တပ်တွင်း ထွက်ပြေးတာတွေကတော့ ရှိမှာပါ”လို့ သရက်ခရိုင် တပ်ရင်း(၄)တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းကလည်း မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးခဲ့တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တပ်တွေက အောင်လံမြို့နယ်အတွင်း ရောက်ခဲ့တာဖြစ်ပါတယ်။
အခု မတ်၁ ရက်ကစပြီး အောင်လံမြို့နယ် အခြေစိုက်တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ပစ်တာကြောင့် တဇန်ကျေးရွာက အရပ်သားငါးဦးထက်မနည်း သေဆုံးခဲ့တာဖြစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် အောင်လံမြို့နယ်တောင်ဘက်ခြမ်းက ကဇွန်းအင်း၊ချင်းကုန်းကြီး၊အင်းရွာကြီး၊အင်းတောသာ၊ဆင်းတုတ် အစရှိတဲ့ကျေူရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်လို့ ဒေသခံတွေ တိမ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။


















































