မတ် – ၉ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးဒေသတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မတ်လ ၆ ရက် မနက်ပိုင်း ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က မြ၀တီမြို့တောင်ဘက်မှာရှိတဲ့ ဖလူးတောင်ခြေဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ တစ်မနက်ခင်းလုံး ပစ်ခတ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“အလုံးကြီးတွေတော့ထုနေတုန်း တစ်နေကုန်ပဲ၊ ဟိုနေ့ညက အထိနာလို့ထင်တယ် လေယာဉ်နဲ့လာကြဲတာ” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မတ်လ ၇ ရက်ကလည်း ဖလူးတောင်ခြေတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့ပြီး မြေပြင်ခြေလျင်တပ်တွေ စစ်ကြောင်းထိုးနိုင်ဖို့ လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ကူခဲ့ပါတယ်။
မြ၀တီမြို့နယ်၊ မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာတွေကို ပြန်သိမ်းယူနိုင်ရေးအတွက် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းထက်မနည်း သုံးပြီး လအတန်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူတွေလည်း နေ့စဉ် နီးပါး အသုံးပြုတိုက်ခိုက်နေတာပါ။
“(ဖလူးဘက်တိုးတာ) မပေါက်ဘူး၊ မင်းလက်ပံဘက်တိုးတယ် မပေါက်ဘူး၊ အဝေးပစ်(လက်နက်ကြီး)က နေ့တိုင်း၊ ထိပ်တိုက်တော့ နှစ်ရက်တစ်ခေါက်ပဲ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
အခုရက်ပိုင်းထဲ မင်းလက်ပံ၊ ဖလူးဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ(၂၂)ဦးဆောင်တဲ့ စစ်ကြောင်းတွေ အထိနာနေခဲ့ပြီး မြ၀တီမြိုကနေ တပ်အင်အားတွေလည်း ထပ်မံပို့ဆောင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။


















































