မတ်-၁၀ ၊၂၀၂၆။ဇော်ဝင်း/Peoples Spring
မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီနေ့ မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
မတ်လ ၁၀ ရက်နေ့လယ် ၁ နာရီခွဲဝန်းကျင်က ထီးလင်းမြို့နယ်အရှေ့ခြမ်းရေမျက်နီကျေးရွာ နဲ့ ၁၀ မိုင်ခန့်အကွာက ကျေးရွာကို စစ်တပ်က တိုက်လေယာဥ်နဲ့ လေကြောင်းကနေဗုံးကြဲခဲ့တာပါ။
ဗုံးကြဲခံရတာကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ခေါင်းပြတ်ပြီး အသက် ၂၂ အရွယ်အမျိုးသမီးက ဦးခေါင်းထိမှန်ပြီး သေဆုံးသွားရတယ်လို့ သိရပါတယ်။

Public Service Announcement

“ဘာတိုက်ပွဲမှမရှိဘူး။ဗုံးက ရွာတောင်ပိုင်းကို ကျတာ။ပေါင် ၂၀၀ ဗုံး လောက်ဖြစ်မယ်”လို့ ထီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေဟာအိမ်ထောင်ရှင်တွေ ဖြစ်ပြီး တစ်နှစ်အရွယ်ကလေးငယ် နဲ့ ကိုယ်ဝန်ဆောင်သည်ဇနီးတွေကျန်ရစ်ခဲ့တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့လ ၅ ရက်နေ့က ထီးလင်းမြို့နယ်နဲ့ထိစပ်နေတဲ့ ဆောမြို့နယ် မိအယ်ကျေးရွာကိုစစ်တပ်က လေကြောင်းကနေဗုံးကြဲကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း တနသာ်ရီ နဲ့ ကရင်နီပြည်နယ်တို့မှာလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားငါးဦးထက်မနည်းသေဆုံးထိခိုက်ခဲ့ပါတယ်။


















































