မတ်-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ MNDAA နဲ့ TNLAတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုအချို့ရှိနေပြီး ရွာ၂၀ခန့်က ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
မတ်လ၁၄ရက်နေ့က စတဲ့ တိုက်ပွဲဟာ နှစ်ဘက်ဆွေးနွေးမှုတွေရှိနေပေမယ့်မတ်လ ၁၈ရက်နေ့ခင်းပိုင်းအထိ နှစ်ဖက်ကြားသဘောတူညီမှု ရ၊ မရဆိုတာကိုမသိရသေးပါဘူး ။
“ကွတ်ခိုင်မြို့နယ်ထဲမှာတင် ရွာနှစ်ဆယ်လောက်ပြေးနေကြရတယ်။ ခဏပဲထင်ပေမယ့် တော်တော်လေးဒုက္ခရောက်ကြတယ်။ ဘေးလွတ်ရာကိုကယ်ထုတ်ဖို့တောင် အရမ်းခက်ခဲပါတယ်။ကယ်တဲ့သူတောင် ဒရုန်းထိပြီး သေဆုံးတာရှိပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ကွတ်ခိုင်မြို့နယ်လွယ်ဆိုင်ရွာအနီးမှာ မတ်လ ၁၅ ရက်နေ့က စစ်ရေးတင်းမာနေချိန် ဒေသခံတွေကိုသွားရောက် ကယ်ဆယ်တဲ့ ပရဟိတအဖွဲ့ထဲကမိုင်းထွန်းလှ ဆိုသူဟာဒရုန်းဗုံးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ မတ်လ ၁၄ရက်နေ့က စတင်တဲ့ ပဋိပက္ခအတွင်း MNDAAက ဒရုန်းနဲ့ ဗုံးကြဲလို့ မိုင်းထွန်းလှ အပါအဝင်အရပ်သားသေဆုံးသူ ၅ဦးအတည်ပြုထားနိုင်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင်ပျောက်ဆုံးနေသူတွေရှိနေပြီး လတ်တလောအခြေအနေအရေ အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့ကနေ ကွတ်ခိုင်ကိုလာရောက်စစ်ရှောင်သူတွေလိုမျိုး အခြားဒေသကနေ လာရောက်စစ်ရှောင်သူတွေပါ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူအချို့ကပြောပါတယ် ။
MNDAAဟာ ကွတ်ခိုင်မြို့မှာ တပ်စွဲထားတဲ့ TNLAစခန်းတွေကို မတ်လ ၁၄ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ထားပါတယ်။ မတ်လ၁၇ရက်မနက်မှာတော့ TNLAက ကွတ်ခိုင်မြို့ကို လက်လွတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ နှစ်ဘက် အပစ်ရပ်ဖို့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီနေ့ နေ့ခင်းပိုင်းအထိ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို နှစ်ဖက်စလုံးက မထုတ်ပြန်သေးပါဘူး။ ပစ်ခတ်သံတွေတော့အရင်နေ့ကလို့မကြားရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကွတ်ခ်ိုင်မြို့ကို ၂၀၂၃ အောက်တိုဘာလ၂၇ရက်နေ့မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA ဦးဆောင်ပြီးထိုးစစ်ဆင်သိမ်းယူခဲ့တာဖြစ်ပါတယ်။ TNLAရော ၊MNDAAကပါ ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ် ယန္တရားတတည်ဆောက်ခဲ့ကြပါတယ်။ နမ့်ဖက်ကာဒေသက စစ်တပ်ဗျူဟာနဲ့ တပ်ရင်းတွေကိုတော့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်တပ်ကကွတ်ခိုင်မြို့နယ်ကိုလေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံတွေထိခိုက်သေဆုံးခဲ့ကြသလိုနေအိမ်အဆောက်အအုံတွေလည်းပျက်စီးခဲ့ပါတယ်။အခုလည်း မဟာမိတ်အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အခက်အခဲကြုံတွေ့နေတာဖြစ်ပါတယ်။
လက်ရှိမှာလည်း TNLAနဲ့ MNDAAထိပ်ပိုင်းတာဝန်ရှိသူတွေ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေပေမယ့် မြေပြင်မှာစစ်ရေးအခြေအနေစိတ်မချရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။MNDAAအနေနဲ့ မဟာမိတ်အချင်းချင်း စစ်ရေးအာသာချက်ယူပြီး မတိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
NUG ယာယီသမ္မတ ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည် ၊ကျန်းမာရေးအင်အားစုအထူးဒေသ(၁) တို့ကလည်းTNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကိုတွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ၊တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့၊ဆွေးနွေးမှုတွေအောင်မြင်ပါစေကြောင်း မေတ္တာရပ်ခံ ၊တိုက်တွန်းထားကြပါတယ်။





















































