မတ်-၂၃၊၂၀၂၆။လူအေး/People’s Spring
နေပြည်တော်ကို ဗဟိုပြုပြီး ဒီနေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။
မတ်လ ၂၃ ရက် ညနေ ၆နာရီ ၁၄မိနစ်မှာ ငလျင်လှုပ်သွားတာပါ။
” ငလျင်က ထူးဆန်းတယ်။ ပြင်းလွန်းလို့ ဆင်းပြေးရတယ်။ နေပြည်တော်မို့လို့ ပိုကြောက်တယ်။ လွှတ်တော်ခေါ်တဲ့ရက်မို့”လို့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
နေပြည်တော်မှာ စစ်တပ်က လွှတ်တော်ခေါ်နေပြီး သမ္မတရွေးဖို့ စီစဉ်နေချိန် ငလျင်လှုပ်တာမို့ ဘာသာရေးအယူအဆအစွဲရှိ သူတွေက စိုးရိမ်နေတာပါ။
“ပြည်သူကို သတ်၊ ရပ်ရွာကို မီးလောင်တိုက်သွင်းနေတဲ့ မင်းအောင်လှိုင် သမ္မတနေရာယူမှာပါ။ နိုင်ငံက ဘယ်လိုလုပ်ကံကောင်းနိုင်ပါ့မလဲ”လို့ နေပြည်တော် ဒက္ခိဏသိရိမြို့က အသက်(၇၀)ခန့် အဖွားအိုတစ်ဦးကပြောပါတယ်။
ငလျင်ကမြေအနက် ၆မိုင်ခန့်ကို ဗဟိုပြုပြီး လှုပ်သွားတာလို့ ထိုင်းမိုးလေဝသဌာနက ထုတ် ပြန်ထားပါတယ်။၂၀၂၅ မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ရစ်ခ်တာစကေး ၇ဒဿမ၇ ငလျင်က လာမယ့် မတ်လ ၂၈ရက်မှာ ၁နှစ်ပြည့်မှာပါ။လူထောင်ချီ သေဆုံးစေပြီး မြန်မာ့သမိုင်းတလျှောက် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့တဲ့ စစ်ကိုင်ငလျင်ကြီးကြောင့် နေပြည်တော်မှာလည်း လူသေဆုံးဒဏ်ရာရသူ ၊အဆောက်အအုံပျက်စီးမှုများပြားခဲ့ပါတယ်။


















































