Connect with us

Hi, what are you looking for?

အတွေးအမြင်

သမ္မတအတုကြီး ​ပေးဆပ်ရမယ့်သမိုင်း​ကြွေး​

အာဏာသိမ်းစစ်အုပ်စုရဲ့ အစီအစဥ်နဲ့ပဲ ထုတ်လွှင့်နေတဲ့ The Mask Singer ဆိုတဲ့ ရုပ်သံအစီအစဥ်တစ်ခုရှိပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ ထူးခြားဆန်းပြားတဲ့ မျက်နှာဖုံးနဲ့ ဝတ်စုံ (Masks) တွေကို ဝတ်ဆင်ထားရပါတယ်။ သူတို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မိသားစုဝင်တွေနဲ့ အနီးကပ်လူအနည်းငယ်ကလွဲရင် ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရပါတယ်။

ဗြိစ္ဆာ/People’s Spring

အာဏာသိမ်းစစ်အုပ်စုရဲ့ အစီအစဥ်နဲ့ပဲ ထုတ်လွှင့်နေတဲ့ The Mask Singer ဆိုတဲ့ ရုပ်သံအစီအစဥ်တစ်ခုရှိပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ ထူးခြားဆန်းပြားတဲ့ မျက်နှာဖုံးနဲ့ ဝတ်စုံ (Masks) တွေကို ဝတ်ဆင်ထားရပါတယ်။ သူတို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မိသားစုဝင်တွေနဲ့ အနီးကပ်လူအနည်းငယ်ကလွဲရင် ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရပါတယ်။

ပြိုင်ပွဲဝင်တွေဟာ စင်ပေါ်မှာ သီချင်းဆိုကြရပါတယ်။ သူတို့ စကားပြောတဲ့အခါမှာလည်း ဘယ်သူလဲဆိုတာ မသိအောင် အသံကို စက်နဲ့ ပြောင်းလဲထားလေ့ ရှိပါတယ်။ ဒိုင်တွေနဲ့ ပရိသတ်တွေက ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းရတာပါ။

ဒီအစီအစဉ်ရဲ့ စိတ်လှုပ်ရှားရဆုံးအပိုင်းရှိပါတယ်။ မျက်နှာဖုံးချွတ်ခြင်းပါ။ရှုံးနိမ့်သွားတဲ့ ပြိုင်ပွဲဝင်ဟာ စင်ပေါ်မှာ အားလုံးရဲ့ ရှေ့မှောက်မှာ မျက်နှာဖုံးကို ချွတ် (Unmask) ပြရပါတယ်။အဲဒီအခါမှသာ သူဟာ နာမည်ကြီး အဆိုတော်လား၊ သရုပ်ဆောင်လား၊ အားကစားသမားလား ဒါမှမဟုတ် တခြား နယ်ပယ်က လူသိများသူလားဆိုတာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညကပဲ ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူဟာ The Mask Singer အဆိုပြိုင်ပွဲနဲ့ပတ်သက်ပြီး Post တစ်ခုတင်ခဲ့ပါတယ်။ သူဟာ ရွှေသမင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ပျော်ရွှင်ခဲ့ရတဲ့အကြောင်း ဖျော်ဖြေပွဲမှာ Mask ချွတ်ထားတဲ့ ဓာတ်ပုံတွေနဲ့တကွ တင်ခဲ့တာပါ။ အမှန်တော့ အေးမြတ်သူ ရက်မှားတင်မိပုံရပါတယ်။ ဒီကနေ့ သောကြာညမှ အေးမြတ်သူ Mask ချွတ်ရမယ့်အစီအစဥ်ကို လွှင့်မှာပါ။ Post ကို Schedule(အချိန်နဲ့ကြိုတင်ထား)ဆွဲတင်တာ လွဲသွားပုံရပါတယ်။ ဒါမှမဟုတ် လွဲတင်တယ်ထင်ပြီး လူမှုကွန်ယက်မှာပွဲဆူ​အောင်ရည်ရွယ်လုပ်တာလားဆိုတာလည်း သူတို့အုပ်စုပဲ သိပါတယ်။

အစီအစဥ် မလာသေးခင် Mask ချွတ်လိုက်တော့ ပွက်လောရိုက်ပါလေရော။ အေးမြတ်သူလည်း အဆိုပါပို့စ်ကို ပြန်ဖျက်သွားပေမဲ့ မမီတော့ပါဘူး။ သတင်းက ပျံ့သွားခဲ့ပါပြီ။ အစီအစဥ် မပြရသေးခင်မှာပဲ ဘယ်သူလဲဆိုတာ ကြိုသိသွားကြလို့ ပရိသတ်တွေအတွက်တော့ ‘Surprise’ မဖြစ်တော့ပါဘူး။ ဒီဖြစ်စဥ်ကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဇာတ်လိုက်မင်းသားကြီးကို ပြေးမြင်မိပါတယ်။

ဒီ​နေ့ခင်း သမ္မတရာထူးကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကရယူလိုက်ကြောင်း ကြိုစီစဥ်ထားတဲ့အတိုင်းစစ်တပ်ရဲ့လွှတ်တော်ကကြေညာခဲ့ပါတယ်။ဘယ်သူမှ ရင်မခုန် စိတ်မလှုပ်ရှားကြပါဘူး။ အေးမြတ်သူဟာ ရုပ်သံမှာ တကယ်မျက်နှာဖုံး ချွတ်မပြရသေးခင် သူ့ Post တစ်ခုကြောင့် ကြိုပေါက်သွားသလိုပဲ၊ စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကလည်း ကြိုတင်ပေါက်ကြားနေခဲ့တာ ကြာခဲ့ပါပြီ။ အာဏာမသိမ်းခင်ကတည်းက မင်း​အောင်လှိုင်သမ္မတရူး​နေတာကို နိုင်ငံ​ရေးစိတ်ဝင်စားသူတိုင်းသိကြပါတယ်။

အေးမြတ်သူက “Schedule” လွဲပြီး တင်မိတာဆိုရင်၊ စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့ “Power Schedule” အတိုင်း သမ္မတလုပ်ဖို့ တစ်နိုင်ငံလုံးကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အေးမြတ်သူက ‘ရွှေသမင်’ ဝတ်စုံဝတ်ပြီး ဒိုင်တွေကို လှည့်စားသလိုပဲ၊ ကျွန်တော်တို့ စစ်ခေါင်းဆောင်ကြီးကလည်း ‘အာဏာမမက်ပါဘူး၊ သမ္မတလုပ်ဖို့ စိတ်မဝင်စားပါဘူး’ ဆိုတဲ့ ဝတ်စုံကြီးကိုဝတ်ပြီး တိုင်းပြည်နဲ့ နိုင်ငံတကာကို လှည့်စားခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းကာလတလျှောက် သွားလေရာပွဲတိုင်းပွဲတိုင်း၊ အာဏာသိမ်းရခြင်း အကြောင်းရင်းကို ရှင်းပြတိုင်း ပွဲနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် “မဲလိမ်မဲခိုးမှုကြောင့် တာဝန်ယူရခြင်းဖြစ်သည်” လို့ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက “မဲလိမ်မဲခိုး” ဆိုတဲ့ စကားလုံးနဲ့ အသုံးအနှုန်းတွေကို အကြိမ်ပေါင်း ရာ​ထောင်ချီပြီး သုံးစွဲခဲ့တာပါ။ မလွှဲမရှောင်သာ နိုင်ငံ့အကျိုးအတွက် တာဝန်ယူခဲ့ရသယောင် အမြဲလိုလို ပြောဆိုခဲ့ပါတယ်။

သူ့ကို သမ္မတလုပ်မလားမေးရင်လည်း နိုင်ငံ့ဝန်ထမ်းမို့ မလုပ်ချင်သယောင်ယောင်၊ အများကဝိုင်းတောင်းဆိုကြသယောင်​ယောင် ဂိုက်ဖမ်းလေ့ရှိတယ်။ ၂၀၂၁ ဇန်နဝါရီလထဲက အာဏာမသိမ်းမီက စစ်ခေါင်းဆောင်ဟာ သူ့ကိုသမ္မတနေရာပေးဖို့ တောင်းဆိုခဲ့ဖူးပြီး သဘောမတူခဲ့လို့ အာဏာသိမ်းခဲ့တယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ငါးနှစ်ကျော်အကြာမှာတော့ အဲဒီသတင်းဟာ မှန်ကန်ကြောင်း ဒီကနေ့(ဧပြီ ၃)မှာအထင်အရှား သက်သေပြလိုက်ပြီဖြစ်ပါတယ်။

The Mask Singer အစီအစဥ်ဟာ အစီအစဥ်ပေါက်ကြားရင် လျော်ကြေးပေးရတာမို့ အေးမြတ်သူလည်း လျော်ကြေးပေးရမှာပါ။အာဏာသိမ်းခေါင်းဆောင်ကြီးကော စစ်ဝတ်စုံ မျက်နှာဖုံးကိုမချွတ်ခင်ကတည်းက နိုင်ငံ၊ပြည်သူနဲ့စစ်တပ်အ​ပေါ်ကျူးလွန်ထားတဲ့ာရာဇဝတ်မှု​တွေအတွက် သူလည်း လျော်ရမှာပါ။ သမ္မတအတုကြီးက ဘာတွေများ လျော်ရမှာပါလဲ။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေကအရ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ သူ သမ္မတဖြစ်တဲ့ ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း အရပ်သား ပြည်သူပေါင်း ၇၉၆၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

လက်တွေ့မြေပြင်မှာ တိုက်ပွဲပြင်းထန်မှုနဲ့ ဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ဒီအရေအတွက်ထက် အဆပေါင်းများစွာ ပိုမိုများပြားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၃၀၇၅၅ ဦးရှိပြီး ၂၂၂၄၉ ဦးဟာ ထိန်းသိမ်းခံထားရဆဲပါ။ စုစုပေါင်း သေဒဏ်ကျခံထားရသူ ၁၇၆ ဦး ရှိနေပါတယ်။

ဒါတင်မကသေးပါဘူး။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ စစ်အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။ ဒါလည်း မြေပြင်မှာ ဒီစာရင်းထက် ပိုဦးမှာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေ၊ တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း လေးသန်းကျော်ရှိနေပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA Myanmar)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အထက်ပါအချက်အလက်တွေဟာ ဒီငါးနှစ်အတွင်းပဲ ရှိပါသေးတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအပါအဝင် စစ်တပ်ရဲ့ မတရားမှုတွေအတွက် လျော်ကြေး ပြန်ပေးရဦးမှာဖြစ်ပါတယ်။

အေးမြတ်သူကတော့ မျက်နှာဖုံးကြိုချွတ်မိလို့ ရုပ်သံလိုင်းကို ငွေကြေးနဲ့ လျော်ကြေးပေးရုံ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ‘မဲလိမ်မဲခိုး’ ဆိုတဲ့ စွပ်စွဲချက် မျက်နှာဖုံးကို ၅ နှစ်ကြာစွပ်ထားပြီး တစ်နိုင်ငံလုံးကိုဖျက်ဆီးခဲ့ကာ သမ္မတအင်္ကျီ လဲဝတ်လိုက်တဲ့ စစ်ခေါင်းဆောင်အတွက်ကတော့ လျော်ကြေးဟာ ငွေကြေးနဲ့ မလုံလောက်တော့ပါဘူး။ သေဆုံးသွားတဲ့ ပြည်သူ ထောင်​​ပေါင်းများစွာရဲ့ အသက်တွေ၊လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေ၊ ပြာကျသွားတဲ့ အိမ်ခြေ တစ်သိန်းကျော်နဲ့ လေးသန်းကျော်သော စစ်ဘေးရှောင်တွေရဲ့ ဘဝတွေ၊တစ်နိုင်ငံလုံးကိုဆင်းရဲတွင်းထဲဆွဲချခဲ့တဲ့ရာဇဝတ်မှု​တွေ ဟာ သမ္မတသစ်ကြီး ပေးရမယ့် ‘သမိုင်းကြွေး လျော်ကြေးတွေ’ ပဲဖြစ်ပါတော့တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook