တောင်ကိုရီးယား နိုင်ငံမှာ တိရစ္ဆာန်ရုံကနေ လွတ်သွားတဲ့ ဝံပုလွေ တစ်ကောင်ကို အပူတပြင်း လိုက်ရှာနေပါတယ်။
အဲဒီ ဝံပုလွေဟာ ဧပြီ ၈ ရက်နေ့တုန်းက ဒေဂျုံမှာရှိတဲ့ O-World တိရစ္ဆာန်ရုံကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ နုဂူလို့ နာမည်ပေးထားတဲ့ ဝံပုလွေဟာ လှောင်အိမ် စည်းရိုးရဲ့ အောက်ဖက်ကနေ မြေကျင်းတူးပြီး လွတ်မြောက်သွားတာလို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီ ဝံပုလွေ အထီးကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတွေ၊ စစ်သားတွေ အပါအဝင် လူပေါင်း ၃၀၀ လောက်က ဖြန့်ကျက် ရှာဖွေနေပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာတော့ ညပိုင်းအချိန် သက်ရှိတွေရဲ့ လှုပ်ရှားမှုတွေကို ခန္ဓာကိုယ် အပူချိန် တိုင်းတာပြီး စောင့်ကြည့်နိုင်တဲ့ ကိရိယာတွေကိုပါ စတင် ဖြန့်ကျက်လာခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့မှာတော့ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အခုကိစ္စကြောင့် လူတွေ ဘယ်သူမှ အထိအခိုက် မရှိဖို့ မျှော်လင့်သလို နုဂူလည်း အိမ်ကို ဘေးကင်းကင်း ပြန်ရောက်ပါစေလို့ ဆုတောင်းကြောင်း လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါတယ်။

Public Service Announcement
ညပိုင်းအချိန် ကိုယ်အပူချိန် ခြေရာခံ စောင့်ကြည့်စနစ်နဲ့ ရိုက်ယူထားတဲ့ ဗီဒီယို မှတ်တမ်းတွေအရ နုဂူဟာ တိရစ္ဆာန်ရုံနားက တောထူတဲ့ တောင်ခြေတစ်ခုနားမှာ လှည့်လည် သွားလာနေတာကို တွေ့ခဲ့ရပါတယ်။ ဝံပုလွေကို မမိသေးတဲ့ အချိန်မှာ အနီးက မူကြိုကျောင်းကိုလည်း ယာယီ ပိတ်ထားရပါတယ်။
ရှာဖွေရေး အဖွဲ့တွေက ဒရုန်းတွေကိုပါ အသုံးပြုခဲ့ပေမယ့်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။
O-World တိရစ္ဆာန်ရုံရဲ့ ထုတ်ပြန်ချက်မှာတော့ ဝန်ထမ်းတွေဟာ လှောင်အိမ်တွေကို နေ့တိုင်း စစ်ဆေးလေ့ရှိကြောင်း၊ ဧပြီ ၈ ရက်မှာ ဝံပုလွေတစ်ကောင် ပျောက်နေတာကို သတိပြုမိလို့ လုံခြုံရေး ကင်မရာနဲ့ ပြန်လည် စစ်ဆေးတဲ့ အခါမှ နုဂူ ထွက်ပြေးသွားပုံကို တွေ့ရှိခဲ့ကြောင်း ပါရှိခဲ့ပါတယ်။
နုဂူဟာ ၂၀၂၄ ခုနှစ်တုန်းက မွေးဖွားပြီး ကိုရီးယားမျိုးရင်း ဝံပုလွေတွေ ကောင်ရေပြန်လည် တိုးပွားလာအောင် ထိန်းသိမ်း စောင့်ရှောက်ပေးနေတဲ့ ပရောဂျက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ကိုရီးယား ဝံပုလွေတွေဟာ သဘာဝ တောနက်တွေထဲမှာ ဆက်လက် ရှင်သန် ကျက်စားနိုင်စွမ်း မရှိတော့ဘဲ မျိုးသုဉ်းလုနီးပါး ဖြစ်နေပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း တောင်ကိုရီးယားရဲ့ ဆိုးလ်မြို့တော်မှာ မြင်းကျားတစ်ကောင် တိရစ္ဆာန်ရုံထဲကနေ ထွက်ပြေးသွားပြီး လူနေရပ်ကွက်တွေထဲ လျှောက်ပြေးနေခဲ့ဖူးပါတယ်။ ဆီရိုလို့ နာမည်ပေးထားတဲ့ မြင်းကျားကို နောက်ပိုင်းမှာတော့ ဘေးကင်းကင်းနဲ့ ပြန်လည် ဖမ်းမိခဲ့ပါတယ်။
ကိုးကား: BBC




















































