မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အနုမြူ (အက်တမ်မစ်) လက်နက် ထုတ်လုပ်နိုင်စွမ်းကို စိုးရိမ်စရာ အခြေအနေမျိုးထိ အကြီးအကျယ် ကြိုးစား မြှင့်တင်နေကြောင်း ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်အဖွဲ့ ခေါင်းဆောင်က သတိပေးခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ ဆိုးလ်မြို့တော်ဆီ ဧပြီ ၁၅ ရက်နေ့က ရောက်ရှိလာချိန်မှာ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့ဆီက မြောက်ကိုရီးယားရဲ့ အနုမြူ လက်နက်တွေ ထုတ်လုပ်နိုင်စွမ်းဟာ အလေးအနက် စိုးရိမ်ရမယ့် မြန်နှုန်းမျိုးထိ ရောက်လာနေတယ်လို့ သတိပေးသွားခဲ့ပါတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနကလည်း မြောက်ပိုင်းက ပြိုင်ဘက် နိုင်ငံဟာ နျူကလီးယား ထိပ်ဖူးတွေ ထုတ်လုပ်ဖို့ မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ ယူရေနီယမ် သန့်စင် စက်ရုံ တော်တော်များများကို လည်ပတ်နေပြီလို့ ယုံကြည်ရကြောင်း ထုတ်ပြန်ဖူးပါတယ်။
အဲဒီထဲက တစ်ခုဟာ ယောင်ဗြောင်း နျူကလီးယား စက်ရုံဖြစ်ပြီး ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး သင့်မြတ်နေချိန်မှာ မြောက်ကိုရီးယားက ပိတ်သိမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၁ ကစလို့ ပြန်လည် လည်ပတ်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
IAEAရဲ့ အခါအားလျော်စွာ ဆန်းစစ် လေ့လာမှုတွေအရ ယောင်ဗြောင်းရဲ့ လုပ်ငန်း လည်ပတ်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက် မြန်ဆန်လာနေတယ်လို့ သုံးသပ်နိုင်ခဲ့ကြောင်း ဂရော့ဆီက ဆိုပါတယ်။
ရရှိထားတဲ့ အချက်အလက် အားလုံးက မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးတွေ ထုတ်လုပ်နိုင်တဲ့ အပိုင်းမှာ တကယ့်ကို အလေးထားရမယ့် စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်နေပြီလို့ ညွှန်ပြနေကြောင်း၊ မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူး ဒါဇင်တချို့ ရှိနေပြီလို့ ယုံကြည်ရကြောင်း သူက ဆက်ပြောပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေတဲ့တိုင် နိုင်ငံရဲ့ ဖျက်အားပြင်း လက်နက် စီမံကိန်းတွေကို ဆက်လက် အကောင်အထည် ဖော်နေခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှာ ပထမဆုံး အနုမြူဗုံး စမ်းသပ်ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ IEAEနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သလို နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ဘယ်တော့မှ စွန့်ပစ်မှာ၊ ဖျက်သိမ်းမှာ မဟုတ်ဘူးဆိုတဲ့ သဘောထားကိုပါ ထုတ်ပြန်ခဲ့ပါတယ်။
အခုအခါ မြောက်ကိုရီးယားဟာ ယောင်ဗြောင်းနဲ့ အလားသဏ္ဍန် တူညီတဲ့ နောက်ထပ် နျူကလီးယား စက်ရုံတွေကို တိုးချဲ့ တည်ဆောက်နေတယ်လို့ ယုံကြည်ရကြောင်းလည်း IAEAက ဆိုပါတယ်။ အဲဒီ နေရာတွေကို ကိုယ်တိုင် သွားရောက် ဆန်းစစ်နိုင်ခြင်း မရှိဘဲနဲ့တော့ ထုတ်လုပ်မှု ပမာဏ ဘယ်လောက်ထိ ရောက်ရှိနေသလဲ ဆိုတာကို တိတိကျကျ မပြောနိုင်ကြောင်း ဂရော့ဆီက ဝန်ခံခဲ့ပါတယ်။
မြောက်ကိုရီးယား နျူကလီးယား နည်းပညာ တိုးတက်ရေးအတွက် ရုရှားက အကူအညီတွေ ပေးနေသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး IAEAမှာ တိကျတဲ့ ဘာအထောက်အထားမှ ရမထားဘူးလို့ပဲ တုံ့ပြန်သွားပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ တပ်ကူတွေနဲ့ ခဲယမ်းမီးကျောက်တွေ ပေးပို့ခဲ့ပြီး အနြ်အလှန် အနေနဲ့ ရုရှားဆီက စစ်ရေးနည်းပညာတွေ လက်ခံရရှိနေလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AP


















































