ဧပြီ-၂၀၊ ၂၀၂၆။ ရွက်ဝါ/People’s Spring
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်အကြား တိုက်ပွဲဟာ ၆လခန့် ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်မျိုးစုံ အလက် ၃၀၀ကျော် သိမ်းပိုက်ရရှိထားကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
လတ်တလောစစ်ကောင်စီတပ်က လေကြောင်း အလွန်အကျွံအသုံးပြု တိုက်ခိုက်နေမှု အပါအဝင် ဖလမ်းဒေသ စစ်ရေးအခြေအနေများ မေးမြန်းမှုအပေါ် ဆလိုင်းထက်နီကအခုလို ပြောတာပါ။
စစ်ကောင်စီတပ်ဟာ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းက စတင်ပြီး ချင်းမြောက်ပိုင်းထိုးစစ် မြေပြင်၊လေကြောင်းက စစ်အင်အားအလုံးအရင်းဖြည့်တင်းထိုးစစ်ဆင်ခဲ့ရာ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် အဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်တွေက အတူပူးပေါင်းခုခံတွန်းလှန်နေတာဖြစ်ပါတယ်။

Public Service Announcement
လတ်တလော စစ်ကောင်စီတပ်က လေကြောင်းနဲ့အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးပြင်းထန်နေကြောင်း ချင်းပြည်ကောင်စီ တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။
” လေကြောင်း၊ ကုန်းကြောင်း သာလွန်အင်အားနဲ့ ထိုးလာပေမဲ့ ငါတို့ဘက်က စစ်ရေးဆိုင်ရာ စိတ်ဓာတ်ခိုင်မာမှု စိတ်ပိုင်းဖြတ်မှုကြောင့် ခုခံတွန်းလှန်နိုင်တာ ယနေ့အထိပေါ့။စကမဘက်က အကျအဆုံး ထိခိုက်ဒဏ်ရာ အင်အား ၅၀၀ ခန့်ရှိတယ်။ ထွက်ပြေးတာလည်း ၁၀၀နီးနီးခန့်မှန်းတယ်။ လက်နက်ပေါင်း ၃၀၀ကျော်ရရှိ” လို့ ဆလိုင်းထက်နီက ဖလမ်းတိုက်ပွဲ နှစ်ဝက်နီးပါးကြာအတွင်း စစ်ကောင်စီတပ်ရဲ့ အင်အားပြုန်းတီးမှု အခြေအနေကို ပြောပါတယ်။
စစ်သုံ့ပန်းတွေ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေလည်းရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ချင်းရေးရာအဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ ဖလမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ခုခံရင်း ချင်းတော်လှန်ရေးရဲဘော် ၅၀ ကျော် ကျဆုံးခဲ့ရကြောင်းလည်း သိရပါတယ်။ အဲဒီလို ချင်းရဲဘော် ၅၀ကျော် ကျဆုံးခဲ့တာနဲ့ပတ်သက်ပြီး မှန်ကန်တယ်လို့လည်း ဆလိုင်းထက်နီက အတည်ပြုပါတယ်။
ဖလမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးရဲဘော်တွေကျဆုံးရတဲ့ အဓိက အကြောင်းအရင်းဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ချင်းရေးရာအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
The voice of Chinland ရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ကို လေကြောင်းက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဧပြီ ၂၀ရက်မှာ ဖလမ်းမြို့နယ် ဗားရ်တံတားဘက်နဲ့ ခွန်းလီကျေးရွာဘက်တွေကို တိုက်လေယာဉ် Y12 လေယာဉ်တွေနဲ့ ဗုံးဦး အလုံး ၁၀၀ ကျော် ကြဲချခဲ့တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်ကို ကိုးကားပြီး VOC က ဖော်ပြထားပါတယ်။
ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ဟာ သင်္ကြန်ကာလအတွင်းကလည်း ဖလမ်းမြို့နယ် ခွန်းလီကျေးရွာဘက်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဧပြီ ၁၄ရက်မှာ ခွန်းလီရွာအနီး အမြင့်ဆုံးတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနေရာကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ လက်နက် ၂၄လက်ထက်မနည်း သိမ်းရခဲ့ပါတယ်။
“တိုက်ပွဲက ဆက်လက်ပြီးရှိနေပါတယ်။ အင်အားကတော့ သူတို့ထပ်ထပ်ပြီးဖြည့်နေပါတယ်။ အင်အားတခုတည်းမဟုတ်ဘဲ ရိက္ခာတွေ အဲဒီလိုမျိုးဖြည့်တင်းတာတွေရှိပါတယ်။ အင်အားအများကြီးထပ်ဖြည့်လာနိုင်တာတော့မရှိပါဘူး။ စစ်ကြောင်းသုံးကြောင်းပုံစံနဲ့ပေါ့။ နောက်ပြီး ကလေး-တီးတိန်-ဖလမ်း အဲဒီလမ်းကြားတွေမှာ အထိုင်လေးတွေ အယောက် ၂၀၊ ၃၀ အဲဒီလို မျိုးလေးတွေ အထိုင်နေရာ တော်တော်များများလည်း သူတို့ လမ်းအကုန်လုံးကို စိုးမိုးနိုင်ဖို့အတွက်သိုင်းငင်းကနေ အစ လမ်းတကြောမှာ စကစ ထိုင်တဲ့နေရာ တော်တော်များပါတယ်” လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဧပြီ ၁၅ရက်မှာ ဖလမ်းဒေသ စစ်ရေး အခြေအနေကို ပြောထားပါတယ်။
ဖလမ်းမြို့ကို ၂၀၂၅ ဧပြီမှာ ချင်းညီနောင်က သိမ်းပိုက်ခဲ့တာဖြစ်ပြီးမြို့ကို ထိန်းချုပ်နိုင်ရုံသာမက ဖလမ်းမြို့ရန်သူစစ်ကောင်စီထံ ပြန်မရောက်ရေး မဟာမိတ်တွေနဲ့ လက်တွဲ ပြီး ကြံ့ကြံ့ခံတွန်းလှန်နေရတဲ့ အဆုံးအဖြတ်ကာလဖြစ်တယ်လို့ CNO/CNDFက ဧပြီ ၁၃ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ ၂၀၂၅ အောက်တိုဘာ ၁၉ ရက်ကစပြီး စစ်ကိုင်းတိုင်း ကလေးမြို့ကို အခြေပြုကာ ချင်းပြည်နယ်မြောက်ပိုင်းကို ဦးတည်ပြီး အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ကလေး-နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနဲ့ တီးတိန်-သိုင်းငင်း စတဲ့ လမ်းကြောင်း လေးခုမှာ စစ်ကြောင်း လေးခု အင်အား ၁,၀၀၀နီးပါးအသုံးပြုခဲ့ကြောင်း ချင်းရေးရာအဖွဲ ထုတ်ပြန်ထားပါတယ်။









(ဖလမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ထံက ချင်းတော်လှန်ရေးပူးပေါင်းတပ် သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – CC ကာကွယ်ရေး၊ CNDF၊ VOC)


















































