ဧပြီ-၂၁၊ ၂၀၂၆ ဟာနာဆန်/People’s Spring
မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကနေ စစ်တပ်ထံ ပူးပေါင်းသွားတဲ့ ရဲဘော် ၄ဦးက ကျန်ရဲဘော်တွေကို လက်နက်ချဖို့ စည်းရုံးနေလို့ သတိထားကြဖို့ မိုးကုတ် ပကဖက ဧပြီ ၂၀ ရက် မှာ သတိပေးပါတယ်။
မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုးလန်ကျေးရွာက နှင်းနှင်းဦး (ခ) ရိုးမ၊ ဝဏ္ဏဖြိုး (ခ) စိုင်းလျန်း၊ ကန်တော်ရပ်က မဒါယန (ခ) မိုးပြည့် (Facebook အမည် – Dyn Ena)၊ ကိုးလန်ကျေးရွာနေ စစ်တပ်ခန့် ဥက္ကဌရဲ့တူ အောင်ဇင်ဖြိုး (ခ) ကင်းကောင်တို့ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်တပ်ထံ လက်နက်ချ အညံ့ခံဖို့ စည်းရုံးသိမ်းသွင်းနေကြောင်း မိုးကုတ်ပကဖရဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
အဲဒီလို စည်းရုံးရာမှာ လက်နက်တစ်လက်ပါလာရင် ကျပ် သိန်းဆယ်ချီ ဆုကြေးပေးမှာဖြစ်ပြီးလက်နက်မပါရင်လည်း ဆုကြေးငွေ ချီးမြှင့်မယ်လို့ စည်းရုံးနေတယ်လို့ မိုးကုတ်ပကဖရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“အဓိကကတော့ တပ်ကနေ အခက်အခဲမျိုးစုံနဲ့ ပြေးတာကို အပြစ်မပြောပေမယ့် တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် ပျက်လိုပျက်စီးဖြစ်အောင် ကြံစည်နေတာမျိုးတွေ လုပ်ဆောင်နေတာမျိုးတွေကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်သလို၊ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှုတွေ မဖြစ်မနေကို လုပ်ဆောင်သွားမှာပါ။ ကျနော်တို့ရဲ့ page မှာ ကာယကံရှင်တွေအနေနဲ့ လာရောက်ခြိမ်းခြောက်ပြီးတော့ ပြောဆိုနေတာတွေရှိပေမယ့် ကျနော်တို့က တော်လှန်ရေးအတွက်ဆို ဘယ်သူ့မျက်နှာကိုမှမထောက် လမ်းအဆုံးထိလျှောက်မှာ ဖြစ်တဲ့အကြောင်းလေးတော့ အသိပေး ပြောကြားချင်ပါတယ်။”လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။
ဒါ့အပြင် ၎င်းတို့ ၄ဦးဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း စစ်တပ်နဲ့အတူ ပူးတွဲပျော်ပါးနေတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရရှိထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးကုတ်မြို့နယ် ပကဖအနေနဲ့ အဆိုပါရဲဘော်ဟောင်းတွေကို ပကဖ လမ်းညွှန်ချက်၊ မူဝါဒတွေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ အသိပေးပါတယ်။
ရဲဘော်တွေဟာ ရဲဘော်နှင်းနှင်းဦးကနေတဆင့် စစ်တပ်ထံ ပူးပေါင်းသွားကြတာဖြစ်ပြီး နှင်းနှင်းဦးက မိုးကုတ်ပကဖက ရဲဘော် ၃ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော် (N.S.S.A.A)က ရဲဘော် ၃ဦးကို စည်းရုံးခေါ်ဆောင်သွားတာဖြစ်ကြောင်း မိုးကုတ်ပကဖရဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအတွင်းရှ ရဲဘော်၊ ရဲမေတွေကို အွန်လိုင်းမှတဆင့် ဆက်သွယ်ကာ ခြိမ်းခြောက်စည်းရုံးတာတွေ ပြုလုပ်နေသူတွေကိုလည်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း မိုးကုတ်ပကဖက သတိပေးထားပါတယ်။


















































