ဧပြီ-၂၁၊ ၂၀၂၆ ဟာနာဆန်/People’s Spring
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းပေါင်း ၅၈ဖွဲ့က ဒီကနေ့မှာ စုပေါင်းတောင်းဆို လိုက်ပါတယ်။
PPNM၊ GSCB၊ NOTM အပါအဝင် အဖွဲ့အစည်း ၅၈ဖွဲ့က ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဒီကနေ့ ဧပြီ ၂၁ရက်မှာ စာထုတ်ပြီး တောင်းဆိုလိုက်တာပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာနဲ့ စစ်အာဏာရှင်စနှစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ

Public Service Announcement
ပြုလုပ်ခဲ့ကြတဲ့ နိုင်ငံရေး သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သပိတ်အဖွဲ့ဝင်တွေ၊ သတင်းသမားတွေ၊ သမဂ္ဂအသီးသီးရဲ့ အဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေ၊ CDM တွေ (အာဏာဖီဆန်ရေးလှုပ်ရှားမှု)၊ ပြည်သူလူထုတွေကို တရားဥပဒေမဲ့ ဖမ်းဆီးပြီး အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ကာ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး၊ LGBTQI+ နဲ့ ကလေးသူငယ်တွေအပေါ် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ဖိနှိပ်မှုတွေ၊ အကျဉ်းသားအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်လျက်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)ရဲ့ ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်အရ လက်ရှိ အကျဉ်းထောင်အသီးသီးမှာနိုင်ငံရေးအကျဉ်းသား အမျိုးသား: ၇,၂၁၆ ဦး၊နိုင်ငံရေးအကျဉ်းသား အမျိုးသမီး: ၆,၃၉၄ ဦး၊ ကလေးသူငယ် ၆၃၇ ဦးတို့ ဖမ်းဆီးအကျဥ်းချထားကြောင်း သိရပါတယ်။
နိုင်ငံတကာအနေနဲ့ နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အထူးအလေးထားပြီး ကြိုးစားဆောင်ရွက်ပေးဖို့၊ စစ်အုပ်စုမှ တဆင့် နိုင်ငံတကာအား လှည့်စားဖို့ ဖော်ဆောင်လာတဲ့ တရားမဝင် အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့နဲ့ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲနေမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီရောင်းချနေမှုတွေကို ရပ်တန့်ဖို့၊ မြန်မာပြည်သူတွေ
အပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မတရားအာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို နိုင်ငံတကာဥပဒေအရ တာဝန်ခံစေရေး ကြိုးပမ်းပေးဖို့၊ မြန်မာပြည်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေ
တဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက်နေတဲ့ ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ ထိရောက်မြန်ဆန်တဲ့ ဖိအားပေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။
ယခုလှုပ်ရှားမှုဟာ နိုင်ငံတကာနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ထိရောက်တဲ့ ဖိအားတွေပေးဖို့ တောင်းဆိုတာဖြစ်ပြီး ဒီအချက်တွေကိုလည်း နိုင်ငံတကာဆီ တိုက်ရိုက်ပေးပို့သွားမှာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“လက်ရှိမှာ စစ်တပ်က သမ္မတကြီးဦးဝင်းမြင့်နဲ့ အကျဥ်းသားအချို့ကို လွှတ်ပေးခဲ့ပေမဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် အကျဥ်းသားတွေက စစ်မှန်တဲ့ လွတ်လပ်စွာနေထိုင်ခွင့်၊ သွားလာခွင့်ကို မရရှိသေးပါဘူး။ ဒါကြောင့် စစ်တပ်လက်အောက်မှာတော့ စစ်မှန်တဲ့လွတ်လပ်ရေးမရနိုင်ဘူး။ တိုင်းပြည်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ဖို့အတွက် မြန်မာပြည်သူလူထုလွတ်မြောက်ရေးတစ်ရပ်လုံးအထိ နိုင်ငံတကာအနေနဲ့ ရပ်တည်ပေးဖို့ သတင်းစကားပါးချင်ပါတယ်။”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ဧပြီ ၂၁ ရက်ဟာ အကျဉ်းထောင်မှ လွတ်မြောက်လာချိန်မှစပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အပြာရောင်ဝတ်စုံကို အမြဲတမ်းဝတ်ဆင်ကာ တိုက်ပွဲဝင်ခဲ့တဲ့ NLDနာယက၊ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်မြောက်တဲ့ နေ့ရက်လည်း ဖြစ်ကြောင်း၊ ၎င်းကို ဂုဏ်ပြုတဲ့အနေနဲ့ “Blue Shirt Campaign” လူထုလှုပ်ရှားမှုကို ဧပြီလ ၁၀ ရက်နေ့မှ ဒီနေ့အထိ ၁၂ ရက်တိုင်တိုင် ဖော်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ Blue Shirt Campaign လှုပ်ရှားမှုဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့နဲ့ ဖိနှိပ်ခံနေရတဲ့ အကျဉ်းသားတွေအတွက် တရားမျှတမှု ရရှိဖ်ု့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ မှတ်တမ်းများအရ အာဏာသိမ်းချိန်မှ ယခု ၂၀၂၆ ဧပြီလအထိ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ သဘာဝဘေးအန္တရာယ်ဖြစ်ချိန် အရေးပေါ်ဆေးဝါးကုသခွင့်မရရှိတာတွေကြောင့် အမျိုးသား ၂၃၇ ဦး၊ အမျိုးသမီး ၄၁ ဦးနဲ့ LGBT တစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။


















































