ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နဲ့ပန်ဆောင်မြို့မှာ မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးသီးတွေကြွေကျလို့ အဆောက်အအုံတွေနဲ့ စပါးကျီတွေပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။
ဧပြီ၂၀ရက် ညနေ ၅နာရီကနေ ၆နာရီခန့်အထိ လေပြင်းတိုက်ခတ်ပြီး ကြက်ဥအရွယ်ခန့်ရှိတဲ့မိုးသီးတွေလည်း ကြွေကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” မိုးကအရင်ရက်တွေတုန်းကလည်းရွာတယ်။ လေးငါးရက်လောက်မိုးရပ်သွားလို့ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်မယ်လုပ်ခါမှ ထပ်ချတာ။ တော်တော်လေးအပျက်အစီးများတယ်။ ရှားပါးချိန်မှာဖြစ်တာဆိုတော့ အခြေအနေပိုဆိုးသွားတယ်”လို့ ပန်ဆောင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
နန်းယွန်းမြို့နဲ့ပန်ဆောင်မြို့က ရုံးအဆောက်အအုံတွေ၊နေအိမ်တွေနဲ့ စပါးကျီတွေ ပျက်စီးသွားပြီး ထိခိုက်မှုအခြေအနေကို အသေးစိတ်စာရင်းပြုစုနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်ပြီး ကုန်စည်စီးဆင်းမှုလည်းနည်းပါးတာကြောင့် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွေအကုန်မိုးအကူးကာလများအတွင်း လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့ နေရာကွက် မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
လက်ရှိကာလမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။


















































