ဧပြီ-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
လက်နက်နဲ့ ကျည်ဆန်တွေထုတ်လုပ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်က အမှတ်(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က ထုတ်ပြန်ပါတယ်။
ကပစ(၁၄)ကို CDF – Ashoနဲ့ လူ့ဘောင်သစ်တပ်မတော်(NSA)တို့ ပူးပေါင်းပြီး ဧပြီ ၂၀ရက် မွန်းလွဲ ၂နာရီမှာ ရှော့တိုက်ဒုံးတွေ ပစ်ခတ်ခဲ့တာပါ။
ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးစက်ရုံ နေရာတွေ ဦးတည်ပစ်ခတ်ခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့ အခြားအဆင့် ၂ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်ပါဘူး။

Public Service Announcement
ပစ်ခတ်မှုအပြီးမှာ ကြောက်လန့်ထွက်ပြေးသူတွေလည်းရှိပြီး အဲဒီအခြေအနေနဲ့ပတ်သက်လို့ CDF – Asho ပြော၍ဆိုခွင့်ရှိသူ ဆလိုင်းရိုချင်းက ” ရှော့တိုက်ဒုန်းကျတော့ တပ်စခန်း ပတ်ပတ်လည်ကို ပြေးကြတယ်။ လိုက်ဖမ်းကြတယ်။ မနေ့ညကအထိ အခြေအနေတွေရှုပ်ထွေးနေတုန်းပဲ။ ဒီနေ့မနက်တော့နည်းနည်းငြိမ်သွားတယ်”လို့ ပြောပါတယ်။
ငဖဲမြို့နယ်ဟာ မင်းဘူးခရိုင်ထဲမှာ ရှိပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် (AA)ပူးပေါင်းတပ်တွေနဲ့အတူ CDF-Ashoလည်း ပါဝင်တိုက်ခိုက်နေပါတယ်။
စစ်တပ်က နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေပါတယ်။
CDF-Ashoတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၄ရက်ညကလည်း ငဖဲမြို့အတွင်းထိ ဝင်ပြီး နယ်မြေစိုးမိုးရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာလည်း မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝ သေဆုံးတယ်လို့ CDF-Ashoက ထုတ်ပြန်ထားပါတယ်။




















































