Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမှာ KIAနဲ့ စစ်တပ် ၃နာရီကြာတိုက်ပွဲဖြစ်၊ စစ်ရေးဆက်လက်တင်းမာ

ဖားကန့်မှာ ဆေးရုံနဲ့ တည်းခိုခန်းက ပြည်သူ ၄၂ဦးကို စစ်တပ်ဖမ်းဆီး၊ ကားအချို့ အပါအဝင် ပြည်သူပိုင်ပစ္စည်းတွေသိမ်းသွားဟု KIAပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်. ဓာတ်ပုံ - AFP

ဧပြီ-၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဧပြီ ၂၂ရက် သတင်းဖော်ပြချက်မှာ ဖော်ပြထားပါတယ်။

KIA တပ်မဟာ(၁၁) နယ်မြေ ရွှေကူဒေသ ဂျန်မိုင်ဒေသဘက်မှာ ဧပြီ ၂၁ရက် ညနေပိုင်းက တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး ညပိုင်းအထိ တိုက်ပွဲ ၃နာရီ ကြာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က ခလရ(၅၆) ၊ ခမရ(၆၀၂)၊ တပ်မ (၈၈) လက်အောက်ခံ ခလရ(၃၇၈)နဲ့ (၄၁၆) တပ်ရင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ရေးလှုပ်ရှားလာလို့ KIA တပ်မဟာ(၁၁) ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဂျန်မိုင် ၅လမ်းဆုံကျေးရွာမှာ တပ်စွဲနေပြီး စစ်ရေးဆက်လက်တင်းမာနေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ဒါ့အပြင် ဖားကန့်မြို့နယ်မှာ စစ်တပ်က ပြည်သူ ၄၂ဦး မတရားဖမ်းဆီးသွားတဲ့ အခြေအနေကိုလည်း KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ဖားကန့် ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဧပြီ ၂၁ရက် ညနေမှာ ပြည်သူ ၄၂ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖားကန့်ဒေသ လုံးခင်းရပ်ကွက်ရှိ မိုင်ပုဂ္ဂလိကဆေးရုံကို ဝင်စီးပြီး ဆရာဝန်၊ သူနာပြု ဝန်ထမ်းနဲ့ ဆေးကုသမှု ခံယူနေတဲ့ ၂၄ဦးကို ရိုက်နှက်ဖမ်းဆီးသွားသလို တည်းခိုခန်းတစ်ခုကို ဝင်စီးပြီးဝန်ထမ်းများနဲ့ ဧည့်သည် ၁၈ဦးကို ဖမ်းသွားကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်ဝင်စီးချိန် ပြည်သူအသုံးပြုနေတဲ့ဖုန်းအားလုံးကို သိမ်းလိုက်သလို လန်ခရုဇာကားနှစ်စီးနဲ့ စတားလင့်ဝိုင်ဖိုင်များကိုလည်းသိမ်းသွားကြောင်း အသိပေးထားပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေဖျက်ဆီးတာ၊ လမ်းသွားလမ်းလာ ပြည်သူတွေဆီက လုယက်တာတွေလုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။

မိုင်ပုဂ္ဂလိက ဆေးရုံဟာ ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၅)မှာဖွင့်ထားတာဖြစ်ပြီး ဒေသခံတွေအားကိုးရတဲ့ ဆေးရုံဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အပြစ်မရှိလို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒေသခံတွေက ‌တောင်းဆိုနေပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်စစ်ကြောင်းနဲ့အတူ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA (ရှမ်းနီတပ်)တွေ ပါဝင်ပါတယ်။ ၎င်းတို့ဟာ မြေပြင်မှာ စစ်ကြောင်းထိုးပြီး လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ အမိန့်နဲ့ စစ်ကောင်စီတပ်က လွှတ်လိုက်တာမို့ အရပ်သားတွေ ဖမ်းဆီးတာ၊ လုယက်သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ