ဧပြီ-၂၃၊၂၀၂၆။ဖိုးသား/People’s Spring
စက်သုံးဆီစရိတ်ဆိုပြီး စလင်းမြို့မြန်မာ့စီးပွားရေးဘဏ်က ပင်စင်စားတစ်ဦးကို ကျပ် ၂၀၀၀ ကောက်ခံနေတယ်လို့ စလင်းမြို့နယ်ဒေသခံတချို့က ပြောပါတယ်။
စလင်းမြို့မြန်မာ့စီးပွားရေးဘဏ်က ပင်စင်လစာ ထုတ်ပေးဖို့အတွက် လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် မီးစက်မောင်းရတဲ့အကြောင်းပြချက်နဲ့ ကျပ်၂၀၀၀ ပေးနေရတာလို့ ဆိုပါတယ်။
“ပင်စင်စားတွေ လစာထုတ်တော့ မီးစက်မောင်းလုပ်ရလို့ဆိုပြီး ပထမရက်(ဧပြီ ၂၁ ရက်)မှာ တစ်ဦးကို ၁၀၀၀ ကောက်တယ်။ (ဧပြီ ၂၂ ရက်) ဒုတိယနေ့မှာ တစ်ဦးကို ၂၀၀၀ ကောက်တယ်”လို့ စလင်းမြို့ခံပင်စင်စားတစ်ဦးက ပြောပါတယ်။

Public Service Announcement
သဘောတူခွင့်ပြုချက်မရဘဲ ငွေကြေးကောက်ခံနေတာနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိဘူးတာကြောင့် ပင်စင်စားတချို့က စလင်းမြို့နယ် သတင်းနဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ပြည်သူ့ညီနောင် စလင်းကို တိုင်ကြားလာတယ်လို့လည်း သိရပါတယ်။
“မပြောမဆိုနဲ့ ပင်စင်စားတွေဆီကနေ နှစ်ထောင် နှုတ်ယူထားတယ်။ဘာလို့ နှုတ်ယူလဲလို့ မေးတဲ့အခါ လျှပ်စစ်မီးပြတ်တဲ့အချိန်ဖြစ်တဲ့အတွက် သူတို့ရုံးမှာရှိတဲ့ မီးစက်နှိုးပြီးမှ ကွန်ပျူတာနဲ့ရုံးပိုင်းဆိုင်ရာ လည်ပတ်ဖို့ ဆီကုန်ကျစရိတ်ဆိုပြီး တစ်ဦးကို ၂၀၀၀ တောင်းတာ”လို့ ပြည်သူ့ညီနောင်စလင်း အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စလင်းမြို့နယ်မှာ ပင်စင်လစာထုတ်ယူရတဲ့သူ ၂၀၀၀ ကျော်ရှိတာကြောင့် စက်သုံးဆီ အသုံးပြုရတာထက် ကောက်ခံတဲ့ ငွေကြေးက အဆပေါင်းများစွာပိုတယ်လို့လည်း အသိပေးပါတယ်။
လုပ်သက်၊အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအရ အစိုးရဝန်ထမ်းကနေ အနားယူလိုက်ရတဲ့ ပင်စင်စားတွေထံကနေ ငွေကြေးကောက်ခံနေတာနဲ့ ပတ်သက်လို့ စလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ကို လူထုနွေဦးက ဆက်သွယ်ပေမယ့် ပြန်လည်အကြောင်းကြားတာ မရှိပါဘူး။
“စလင်းမှာက တစ်ရက် ၂၄ နာရီမှာ လျှပ်စစ်မီး ၇ နာရီရတယ်။အခု စက်သုံးဆီအကြပ်အတည်း ကြောင့် ဆီဆိုင်တွေမှာ တစ်လီတာ ကျပ် ၈၀၀၀ နဲ့ အပြင်စျေးကွက်မှာ တစ်သောင်းရှိတယ်”လို့ စလင်းမြို့ခံတစ်ဦးက ပြောပါတယ်။
စလင်းမြို့နယ်ထဲက စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။
ဒါ့အပြင် အခုနှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။
လက်ရှိမှာ စစ်တပ်က စလင်းမြို့နယ်ကို အင်အားဖြည့်တာ၊စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက် ခိုက်နေပါတယ်။ဒါကြောင့် လေကြောင်းရန်ကို သတိရှိကြဖို့နဲ့ကြိုတင် ကာကွယ်နိုင်ရေး ဗုံးခိုကျင်တွေ တူးထားဖို့တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။


















































