Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေး အနည်းငယ်ပြန်ကျ

အပတ်စဉ်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးက ဒီနေ့(ဧပြီ ၂၄)မှာတော့ ဈေးအနည်းငယ်ပြန်ကျလာပါတယ်။

(ရန်ကုန်မြို့ရှိ ဆီဆိုင်တဆိုင်မှ ဒီနေ့ ဆီစျေးနှုန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဧပြီ-၂၄၊၂၀၂၆။ရောင်နီ/People’s Spring

အပတ်စဉ်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးက ဒီနေ့(ဧပြီ ၂၄)မှာတော့ ဈေးအနည်းငယ်ပြန်ကျလာပါတယ်။

စစ်တပ်ရဲ့ ရည်ညွှန်းဈေးသတ်မှတ်ချက်အရ ဒီတစ်ပတ် ရန်ကုန်မြို့မှာ စက်သုံးဆီဈေးက ဓာတ်ဆီ 92တစ်လီတာ ၄,၆၆၈ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၉၀၉ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၅,၇၅၂ကျပ်နဲ့ ပရီမီယံဒီဇယ် ၇,၀၁၂ကျပ် သတ်မှတ်ထားတာပါ။

ဒီဈေးက ပြီးခဲ့တဲ့ တစ်ပတ်ရည်ညွှန်းဈေးနဲ့ယှဉ်ရင် 92တစ်လီတာ ၆၇ ကျပ် ၊ 95 တစ်လီတာ ၃၆ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၇၃၃ကျပ်နဲ့ ပရီမီယံဒီဇယ် ၇၄၃ကျပ် ကျသွားတာပါ။

Public Service Announcement

Public Service Announcement

အီရန်စစ်ပွဲတွေကြောင့် ပြည်တွင်းစက်သုံးဆီဈေးက ဖေဖော်ဝါရီ လကုန်ပိုင်းကစတင်ပြီး ခြောက်ပတ်ဆက်တိုက်မြင့်တတ်ခဲ့တာပါ။ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် ၂၄၀၀ ကနေ ၅၀၀၀ အထိ ဈေးတတ်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကျပ် ၃၀ကျော်ကနေ ၇၀၀ကျော် အထိသာ ကျခဲ့တာပါ။

အီရန်စစ်ပွဲကာလမှာ နိုင်ငံတိုင်း စက်သုံးဆီဈေးမြင့်တက်မှုတွေရှိပေမယ့် ဈေးအမြင့်ဆုံးနိုင်ငံတွေထဲမှာ မြန်မာကဦးဆောင်နေတယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း ၁၀၀ကျော်မှာ စက်သုံးဆီစျေး မြင့်တက်မှုတွေရှိနေဆဲ ဖြစ်ပြီး မြန်မာက ဓာတ်ဆီစျေးနှုန်းက ၁၀၁ ရာခိုင်နှုန်း(နှစ်ဆကျော်)နဲ့ ဒီဇယ်ဆီစျေးနှုန်း ၁၆၁ ဒသမ ၄ ရာခိုင်နှုန်း (နှစ်ဆခွဲ ကျော်)မြင့်တက်နေတာလို့ ဧပြီ ၂၀ ရက်မှာ ကမ္ဘာတစ်ဝန်းက စက်သုံးဆီဈေးနှုန်းတွေ၊လျှပ်စစ်ခဈေးနှုန်းနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေကို စုစည်းနေတဲ့ Global Petro Prices အဖွဲ့က ဖော်ပြထားပါတယ်။

သင်္ကြန်မတိုင်မီကာလအထိ စက်သုံးဆီဈေးတွေတက်ခဲ့ပေမယ့် ပြည်သူတွေက ဆီဆိုင်တွေမှာ တန်းစီဝယ်ယူမှုတွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်ကစတင်ပြီး ဆီဆိုင်တွေမှာ တန်းစီတာတွေ မရှိသလောက်နည်းသွားတယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောထားပါတယ်။

“မိုင်နှုန်းကိုကြည့်ပြီး ဆီရောင်းပေးတာဆိုတော့ အရင်လို အပတ်စဉ် ဆီထည့်လို့မရတာကြောင့် လည်းဖြစ်နိုင်တယ်”လို့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ