ဧပြီ-၂၄၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံထဲကအွန်လိုင်း ငွေလိမ်လုပ်ငန်း Tai Chang နဲ့ပတ်သက်ပြီး သတင်းပေးရင် အမေရီကန် ဒေါ်လာ ၁၀ သန်းထိ ဆုငွေ ချီးမြှင့်မယ်လို့ အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ စိုးမိုးရေး ဗျူရိုက တရားရေး ဝန်ကြီးဌာနရဲ့ ကျားဖြန့်တိုက်ခိုက်ရေး အထူးယူနစ်နဲ့ ပူးပေါင်းပြီး အခု ဆုကြေးကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကြေညာချက်မှာ အဓိက ပစ်မှတ်ထားတာက Tai Chang ဆိုတဲ့ နာမည်နဲ့ လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းရဲ့ ခြံဝင်းတွေ ဖြစ်ပါတယ်။
Tai Chang ကျားဖြန့်ဝင်း လေးခုရဲ့ တည်နေရာ ကိုဩဒိနိတ်တွေကိုလည်း အမေရိကန်က ထုတ်ပြန်ခဲ့ရာမှာ ၂ ခုက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ကျောက်ခက်ဒေသထဲမှာဖြစ်ပြီး အခြားတစ်ခုကလည်း မြဝတီမြို့နယ်ထဲမှာဖြစ်ပါတယ်။ကျန်တစ်ခုကတော့ မြဝတီနဲ့ ဖားအံမြို့နယ်တွေနဲ့ နယ်စပ်နားမှာ တည်ရှိနေတာကို တွေ့ရပါတယ်။

Public Service Announcement
ကျောက်ခက်ဒေသက ကျားဖြန့်လုပ်ငန်းတစ်ခုက Aka Kyauk hat Casino ဒါမှမဟုတ် ကိုစိုင်းလို့အမည်ပေးထားတယ်လို့သိရပါတယ် ။မြဝတီမြို့နယ်ထဲက အခြားကျားဖြန့်ခြံဝန်းတစ်ခုက Aka Tain ဒါမှမဟုတ် Qingsong လို့ခေါ်တယ်လို့ဖော်ပြထားပါတယ်။
အဲဒီခြံဝင်းတွေဟာ ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ ယုံကြည်ရပြီး အထူးသဖြင့် ခရစ္စတို ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောင်ချောက်ဆင်တဲ့ နည်းလမ်းကို အဓိက အသုံးပြုလေ့ ရှိပါတယ်။
အဲဒီ ခြံဝင်းတွေဟာ အရှေ့တောင်အာရှ ဒေသတွင်း နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းကြီးတွေရဲ့ ကျောထောက်နောက်ခံကို ရရှိထားပြီး အမေရိကန် နိုင်ငံသားတွေအပေါ် ပစ်မှတ်ထား လိမ်လည်မှုတွေ ပိုမို တိုးမြှင့်လာနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် အဲဒီ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး အမေရိကန် နိုင်ငံသားတွေဆုံးရှုံးခဲ့ရတဲ့ငွေကြေးပမာဏဟာ ဒေါ်လာ ၇.၂ ဘီလီယံကျော်ထိ များပြားခဲ့ကြောင်း သိရပါတယ်။
ကျားဖြန့်လုပ်ငန်းတွေဟာသားကောင်တွေကို ငွေကြေး လွှဲပြောင်းပေးဖို့ လှည့်စားလိမ်လည်ကြပြီး အဲဒီငွေတွေကို ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် ပြောင်းလဲပြီး ခဝါချလေ့ ရှိပါတယ်။
လိမ်လည်ထားတဲ့ ငွေကြေးကို ခရစ္စတို ငွေကြေးအဖြစ် ကျားဖြန့်ဂိုဏ်းတွေက ပြောင်းလဲပစ်လိုက်တဲ့အခါ ခြေရာခံဖို့၊ ပြန်လည်ရရှိနိုင်ဖို့ ပိုပြီး ခက်ခဲသွားတယ်လို့လည်း သိရပါတယ်။
လက်ရှိ အခြေအနေမှာတော့အဲဒီဒုစရိုက်ဂိုဏ်းတွေကို တန်ပြန်ထိုးနှက်ရာမှာ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို ဖော်ထုတ်သိမ်းဆည်းနိုင်ရေးက ပိုအရေးကြီးလာနေတယ်လို့ ဆိုပါတယ်။
အခုလို ဆုငွေထုတ်ခြင်းက ခိုးယူခံထားရတဲ့ ငွေကြေးတွေကို အာဏာပိုင်တွေက ခြေရာခံ ရယူနိုင်ရေး အကူအညီ ဖြစ်စေမယ့် သတင်းအချက်အလက်တွေ ပိုင်ဆိုင်ထားသူတွေက ဆက်သွယ်လာအောင် အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
မကြာသေးခင်က အမေရိကန် အာဏာပိုင်တွေဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီးကျားဖြန့်လုပ်ငန်းတွေ လည်ပတ်ရင်း ကမ္ဘောဒီးယား ပိုင်နက်ထဲ လုပ်ငန်းချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို စွဲချက်တင်ခဲ့ပါတယ်။
ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေရဲ့ သားကောင်တွေကို ရှာဖွေစည်းရုံး သိမ်းသွင်းနေတဲ့ messaging channel တစ်ခုနဲ့ ကျားဖြန့် ဝက်ဘ်ဆိုက် ၅၀၀ ကျော်ကို ပိတ်သိမ်းခဲ့ပါတယ်။ ပြီးတော့ကျားဖြန့် ကွန်ရက်တွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရတဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော် အမတ်တစ်ဦးကိုလည်း ပိတ်ဆို့ အရေးယူခဲ့ပါတယ်။
ကိုးကား-Department of State





















































