Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း အကြီးစား လည်ပတ်ခဲ့ကြောင်း စွပ်စွဲမှုနဲ့ တရုတ်နှစ်ဦးကို အမေရိကန် စွဲချက်တင်

မြန်မာနိုင်ငံ အခြေစိုက် အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအလုံးအရင်း လုပ်ဆောင်ခဲ့ကြောင်း တရုတ် နိုင်ငံသား နှစ်ဦးကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

ဧပြီ-၂၄၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံ အခြေစိုက် အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအလုံးအရင်း လုပ်ဆောင်ခဲ့ကြောင်း တရုတ် နိုင်ငံသား နှစ်ဦးကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

ဝမ်ကျင့်ရှန်နဲ့ ကျန့်ဝမ်ကျိတို့ နှစ်ဦးဟာ Shunda Parkလို့ ခေါ်တဲ့ အကြီးစား ကျားဖြန့် လုပ်ငန်းကြီး တစ်ခုကို ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲက မင်းလက်ပံရွာမှာ အဓိက ဦးဆောင် လည်ပတ်စေခဲ့ကြောင်း ဝါရှင်တန်ဒီစီမှာ ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာတော့ အဲဒီ ကျားဖြန့်လုပ်ငန်းကို လက်နက်ကိုင် တပ်ဖွဲ့တွေက စီးနင်း သိမ်းယူနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသား နှစ်ဦးဟာ ခရစ္စတို ဒစ်ဂျစ်တယ်ငွေကြေးယူနစ်တွေကို အခြေပြုတဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေ လုပ်ဆောင်နေခဲ့ကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း မြန်မာစစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းသွားမယ်လို့ ကြုံးဝါးထားပေမယ့် လက်တွေ့မှာတော့ အဲဒီ ဒုစရိုက် လုပ်ငန်းတွေဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ အမြောက်အများ ပျံ့နှံ့တည်ရှိနေဆဲဖြစ်ကြောင်းအမေရိကန် အစိုးရ ရှေ့နေတွေက ဆိုပါတယ်။

အမေရိကန်မှာ စွဲချက်တင်ခံထားရပေမယ့်တရုတ်နိုင်ငံသား နှစ်ဦးဟာ လောလောဆယ်မှာတော့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု စွပ်စွဲချက်အတွက် ထိုင်းအစိုးရရဲ့ ထိန်းသိမ်းမှုကို ခံထားရဆဲ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ သူတို့ကို အမေရိကန်ဆီ ခေါ်ယူလာပြီး တရားစီရင် စစ်ဆေးနိုင်မလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Shunda Park ကျားဖြန့်ဝင်းထဲကို အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)ရဲ့ အေးဂျင့်တွေက သွားရောက်ပြီး အီလက်ထရောနစ် ကိရိယာတွေကို စစ်ဆေးခွင့် ရခဲ့သလို ဝန်ထမ်းဟောင်းတွေနဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ကျားဖြန့်သမားတွေဟာ ရဲအရာရှိတွေ၊ အာဏာပိုင်တွေ၊ ဘဏ်ဝန်ထမ်းတွေ စသဖြင့် အယောင်ဆောင် လှည့်စားမှုတွေကို အသုံးပြုပြီး သားကောင်တွေကို လိမ်လည်သလို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးတွေပေးပြီး ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေးတွေ လိမ်လည်ခဲ့ကြပါတယ်။

ခရစ္စတိုငွေကြေး ရယူဖို့ ပစ်မှတ်ထား လိမ်လည်မှု ပုံစံဟာ ဆိုက်ဘာရာဇဝတ် ဂိုဏ်းတွေကြားမှာ အရမ်း မြန်မြန်ဆန်ဆန် အသုံးတွင်ကျယ်လာပြီး ဒေါ်လာ ဘီလီယံတွေနဲ့ချီ ဆုံးရှုံးမှုတွေ ဖြစ်လာစေတယ်လို့ အမေရိကန် အစိုးရ ရှေ့နေ ဂျင်နင်း ပါရိုးက ပြောကြားခဲ့ပါတယ်။ ငွေကြေးဥစ္စာ အမြောက်အများ ဆုံးရှုံးသွားသူတွေဟာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာမျိုးကြံမိကြံရာတုံ့ပြန်မှုတွေပါ ရှိလာတတ်တယ်လို့လည်းသူကသတိပေးခဲ့ပါတယ်။

Shunda Park ဝန်ထမ်းဟောင်းတွေက ဆန္ဒမပါဘဲ ချုပ်နှောင်ခံရတာ၊ လိမ်လည်မှုတွေမှာ အတင်းအကျပ် ခိုင်းစေခံရတာတွေ ကြုံခဲ့တယ်လို့ FBI အေးဂျင့်တွေဆီ ထွက်ဆိုခဲ့ကြောင်းလည်း သိရပါတယ်။ အွန်လိုင်းပေါ် ရောက်လာတဲ့ တရားရုံး မှတ်တမ်းတွေကတော့ တရုတ်နိုင်ငံသား နှစ်ဦးအတွက် ကိုယ်စားပြုပေးမယ့် ရှေ့နေတွေ စာရင်းကို ဖော်ပြမထားပါဘူး။

ပါရိုက အမေရိကန်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျားဖြန့် ဝက်ဘ်ဆိုက်ပေါင်း ရာနဲ့ချီ ရှင်းလင်းခဲ့သလို လိမ်ညာမှုအတွက် သားကောင်တွေကို ရှာဖွေ သိမ်းသွင်းတဲ့ Telegram channel တစ်ခုကိုလည်း ပိတ်သိမ်းခဲ့ကြောင်း ပြောပါတယ်။

အဲဒီ ရာဇဝတ်သားတွေက နိုင်ငံရပ်ခြားမှာ ရှိနေလို့ သူတို့ကို အမေရိကန်က မထိပါးနိုင်ဘူးလို့ ယူဆနေကြောင်း၊ ဒီနေ့တော့ သူတို့တွေ မှားတယ်ဆိုတာ သက်သေပြလိုက်ပြီဖြစ်ပြီး ဒါကလည်း အစပဲ ရှိသေးကြောင်း သူက သတိပေးသွားပါတယ်။

ကိုးကား-WRAL

ဆက်စပ်သတင်းများ