ဧပြီ-၂၄၊ ၂၀၂၆။People’s Spring
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လည်လွှတ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနှစ်သစ်ကူးကာလမှာ အာဏာသိမ်းစစ်တပ်က အကျဥ်းသားတွေကို ပြန်လွှတ်ပေးမှု နဲ့ပတ်သက်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဒီနေ့ ဧပြီ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး အထူးသဖြင့် ဦးဝင်းမြင့် ပြန်လည်လွတ်
မြောက်လာမှုကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုဆီ ဦးတည်တဲ့ အပြုသဘောခြေလှမ်းအဖြစ် ရှုမြင်ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
အာဆီယံအလှည့်ကျဥက္ကဋ္ဌက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကကိုးကားချက်အဖြစ် ခိုင်ခိုင်မာမာရပ်တည်ကြောင်း ထပ်လောင်းအတည်ပြုပါတယ်။အထူးသဖြင့် အရပ်သားတွေနဲ့အများပြည်သူပိုင်နေရာတွေအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုပါတယ်။
ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌက အဆင်ခြင်မဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းလိုက်ပြီး ပဋိပက္ခကျယ်ပြန့်လာမှုကို ရှုတ်ချဖို့၊ အမြင့်ဆုံး သည်းခံထိန်းချုပ်ကြဖို့၊ အရပ်သားအားလုံးကို ကာကွယ်မှု၊ လုံခြုံစိတ်ချစေမှု ပေးစွမ်းဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ အချက်တွေကိုလည်း တိုက်တွန်းထားပါတယ်။
အားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ ဘက်အားလုံးနဲ့ ထိတွေ့ဆက်ဆံရာရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ရဲ့အခန်းကဏ္ဍ ဆက်လက်အရေးပါမှုကိုလည်း အာဆီယံနိုင်ငံတွေက ထပ်လောင်းအတည်ပြုတယ်လို့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ထုတ်ပြန်ပါတယ်။
ဒီသီတင်းပတ်မှာ နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အာဆီယံနိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်နေကြတဲ့အကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောဆိုခဲ့အပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌက အခုလို ကြေညာချက် ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားကြောင်း နဲ့ ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေတယ်လို့ မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဧပြီ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံစဥ် ပြောဆိုခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့အာဏာသိမ်းခေါင်းဆောင်မက ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်မှာထားရှိတယ်၊ဘယ်လိုထားရှိတယ် စသဖြင့် အသေးစိတ်အခြေအနေတွေကို ရှင်းလင်းပြောဆိုတာ မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာစွာရှိတဲ့အကြောင်းခိုင်လုံတဲ့ အထောက်အထားတွေပြသတာမျိုး မရှိဘဲ သတင်းအမှောင်ချထားပါတယ်။
ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှား ရှိ၊မရှိ၊ ကျန်းမာရေးကောင်း၊ မကောင်းအပေါ် ဘာမှမသိရဘဲ စစ်တပ်က သတင်းအမှောင်ချထားတာကြောင့် အခုရက်ပိုင်းကစတင်ကာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိတယ်ဆိုတာကို စစ်တပ်က သက်သေပြပေးဖို့ “Proof of Life “လှုပ်ရှားမှုကို ပြည်တွင်းက ပြည်သူတွေနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ပြုလုပ်နေကြပါတယ်။


















































