ဧပြီ-၂၇၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေနဲ့ တောင်သူတွေရဲ့ကြက်သွန်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၅ရက်က ဆိပ်ဖြူမြို့နယ် အခြေစိုက်အမှတ် (၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)၊ အ မှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ-၉)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ -၂၀၃၆)တို့ကနေ အင်အား ၁၀၀ကျော်ဟာ ရေပုတ်ကျေးရွာနဲ့ ဇီးဖြူကောင်းကျေးရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ရေပုတ်ရွာက နေအိမ် ၁၈ လုံး နဲ့ ဇီးဖြူကောင်းရွာက နေအိမ် ၆၈လုံး အပါအဝင် ကြက်သွန်ဂိုဒေါင် ၁၀ လုံးထက်မနည်း မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက အသိပေးပါတယ်။မီးမရှို့ခံရမီက ရေပုတ်ရွာမှာ နေအိမ် ၈၅ လုံး နဲ့ ဇီးဖြူကောင်ရွာမှာ နေအိမ် ၇၈လုံး ရှိတယ်လို့ သိရပါတယ်။

Public Service Announcement
“မြို့ပြတွေလို အိမ်တွေက ကပ်ကပ်လေးမဟုတ်ဘူးလေ။အိမ်ဝိုင်းတွေကကျယ်တယ်။ရည်ရွယ်
ချက် ရှိရှိ နဲ့ ကို တစ်အိမ်တက်တစ်အိမ်ဆင်းမီးရှို့သွားတာ။ပိုပြီးရင်နာစရာက ရောင်းရမယ့် ကြက်
သွန်တွေ အကုန်ပါသွားတာ”လို့ ရေပုတ် ဒေသခံတစ်ဦးက ပြောပါတယ်။
ဆုံးရှုံးသွားတဲ့ ကြက်သွန်ကုန်ချိန် နှစ်သိန်းကျော်ရှိပြီး ကာလ ပေါက်စျေးအရ တစ်ပိဿာကျပ် ၁,၃၀၀ နဲ့ ၁၅၀၀ ရှိတယ်လို့ ဆိုပါတယ်။
“ကြက်သွန်အားပြုရတဲ့ ဒေသဖြစ်ပါတယ်။တခုလပ်၊မုဆိုမ ကအစ မုဆိုးဖို အထိ တစ်ယောက်ကို ကုန်ချိန် တစ်သောင်းကျော်အထိ လုပ်ကြတယ်။စု ဆောင်းထားကြတယ်။ငွေလက်ငင်းယူဆိုရင် တစ်ပိဿာကို ကျပ် ၁၃၀၀ စျေးရှိတယ်။ငါးရက်ဆိုင်းတို့ ၁၀ ရက်ဆိုင်းတို့ ဆိုရင် ၁၅၀၀ ပေါက်တယ်”လို့ ဇီးဖြူကောင်း ဒေသခံအမျိုးသမီးက ပြောပါတယ်။
ဒါကြောင့် တောင်သူတွေရဲ့ ကြက်သွန်ဆုံးရှုံးမှုတစ်ခုတည်းကနေ ကျပ်သိန်း ၃,၀၀၀ နီးပါးရှိပြီး အခက် အခဲများစွာရင်ဆိုင်နေရတယ်လို့ အသိပေးပါတယ်။
“အခက်အခဲကတော့ တော်တော်ရှိနေတယ်။ရှောင် နေကတည်းက လာမှ မသယ်နိုင်ဘူး။ကြက်သွန်တွေက အကုန်မီးလောင်သွားတယ်” ဆိပ်ဖြူမြို့နယ်စစ်ရှောင်အရေးကူညီပေးနေသူက ပြောပါတယ်။
စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး ဒေသခံတွေကို တက်အားသရွေ့ကူညီပေးကြဖို့လည်း ဆိပ်ဖြူမြို့နယ်စစ်ရှောင်ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။
လက်ရှိမှာ စစ်တပ်စစ်ကြောင်းက အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံကို ပြန်လည်ဝင်ရောက်သွားပြီလို့ သိရပါတယ်။





















































