Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေတွေကျော်ပြီး MNDAAက ရှမ်းမြောက်က BRI စီမံကိန်းနေရာတွေမှာ အလံလိုက်စိုက်နေ

ကိုးကန့်တပ်မတော်(MNDAA)က နမ္မတူမြို့နယ် အပြင် မူဆယ်၊ နန့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်က နေရာတချို့မှာပါ အလံတွေလာစိုက်ထူထားပြီး တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဧပြီ၂၀ရက်မှာ MNDAAက နမ္မတူမြို့နယ် တနေရာမှာ အလံစိုက်ထူထားစဉ်။ ဓာတ်ပုံ - CJ)

ဧပြီ-၂၈၊၂၀၂၆။ကဖေး/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က နမ္မတူမြို့နယ် အပြင် မူဆယ်၊ နန့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်က နေရာတချို့မှာပါ အလံတွေလာစိုက်ထူထားပြီး တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက်က မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ကြား ဆယ်လန့်ရွာ၊ နမ့်ခမ်းနဲ့ နမ့်ဖက်ကာကြား (၁၂)မိုင်နဲ့ ပန်ဆေးကျေးရွာမှာ MNDAA အလံတွေ လာစိုက်ထားတယ်လို့ သိရပါတယ်။

” ရွာမှာအလံလာစိုက်ရုံတင်မကဘူး။ ဂိတ်ပါ ချပြီး စောင့်နေတယ်”လို့ ဆယ်လန့်ရွာဒေသခံတစ်ဦးက ဒီနေ့ ဧပြီ၂၈ရက်မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမြန်မာနိုင်ငံကို မလာခင် ရက်ပိုင်းအလိုမှာ ရှမ်းမြောက်က BRI စီမံကိန်းရှိ‌တဲ့ မြို့နယ်တချို့ကို MNDAAတပ်တွေ ဝင်လာပြီး အလံစိုက်ထူတာတွေ စတင်လုပ် ဆောင်ခဲ့တာပါ။MNDAA က ဧပြီ၂၀ရက်မှာ နမ္မတူမြို့နယ်နဲ့ လားရှိူးမြို့နယ်ကြားက မိုင်းရင်ကျေးရွာအဝင်မှာလည်း အလံလာစိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်ကို အမြစ်ဖြတ်မယ်လို့ လူထုကို လိမ်ညာပြီး တိုက်ပွဲဖော်ခဲ့လို့ ထောက်ခံခဲ့တာ။ မလိမ့်တပတ်နဲ့အပစ်ရပ်လို့ ဒေသခံတွေ ဘဝပျက်ရတယ်။ ဒီကြားထဲ အခုလိုတွေနေတာက MNDAAလုပ်ရပ်တွေ လွန်လာတာပဲ။ ကျမတို့မှာ အိပ်ကောင်းခြင်းမအိပ်ရဘူး”လို့ နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ MNDAAထိန်းချုပ်ထားပြီး နမ့်ဖက်ကာမြို့နာ်ဟာ KIAထိန်းချုပ်ထားတာပါ။

MNDAAအလံလာစိုက်ထားတဲ့နေရာတွေဟာ KIA၊TNLAနဲ့ SSPP တပ်တွေ ထိန်းချုပ်ထားတာလို့ သိရပါတယ်။

ပိုးလမ်းမစီမံကိန်းလို့ လူသိများတဲ့BRIစီမံကိန်းဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းကိုဖြတ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ လမ်းဖောက်မယ့်စီမံကိန်းဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA အလံလာစိုက်တဲ့နေရာတွေက BRI စီမံကိန်းမှာပါတဲ့နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

“စီမံကိန်းအတွက်လုံခြုံရေးယူမယ်လို့အကြောင်းပြပြီး တပ်စွဲလာတာတွေဟုတ်တယ်။ စစ်တပ်နဲ့ MNDAAနဲ့ တရုတ်နဲ့ ပေါင်းကြံတာလို့ လူပြောများနေတယ်”လို့ လားရှိုးမြို့ခံတစ်ဦးကပြောပါတယ်။

ဝမ်ယိက ဧပြီ၂၅ရက် ညနေပိုင်းမှာမြန်မာကိုရောက်ရှိလာပြီး ဧပြီလ၂၆ရက်မှာ ပြန်သွားခဲ့ပါတယ်။ သူမလာခင် ရက်ပိုင်းအလိုကတည်းက ရှမ်းပြည်နယ် မြောက်ပိုင်းကမြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ စောင့်ကြည့်တာတွေရှိခဲ့သလို MNDAAကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေထိန်းချုပ်ဒေသအချို့မှာ အလံတွေ လာစိုက်သွားတာပါ။

ဝမ်ယိရဲ့ မြန်မာနဒခရီးစဉ်မတိုင်မီ ဧပြီ ၁၃ ရက်ကလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီ၊ ဝတပ်( UWSA)၊ ကိုးကန့်တပ်( MNDAA) နဲ့ ရှမ်းတပ်( SSPP)တို့နဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှာ BRI စီမံကိန်းအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ပွဲတွေကြောင့် ရပ်တန့်နေတဲ့ BRI စီမံကိန်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လာမယ့်မေလအတွင်း ပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။ပိုးလမ်းမဖြတ်သန်းသွားတဲ့ဒေသတွေမှာ TNLAထိန်းချုပ်ဒေသတွေလည်းပါဝင်နေပြီး တရုတ်အစိုးရရဲ့ တွန်းအားနဲ့အတူ TNLAထိန်းချုပ်ဒေသတွေကိုလည်း MNDAAက စစ်ရေးအရ ဖိအားပေးတဲ့အခြေအနေဖြစ်လာတယ်လို့ ရှမ်းပြည်နယ်မြောက်

ပိုင်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး MNDAAက သတင်းထုတ်ပြန်ခြင်းမရှိတော့ပါဘူး။

၂၀၂၃ အောက်တိုဘာ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်က ပြည်သူလူထုရဲ့ရည်မှန်းချက်အတိုင်း စစ်အာဏာရှင်ပြုတ်ကျတဲ့အထိတိုက်ခိုက်သွားမယ်လို့ MNDAAက ကြေငြာခဲ့ပေမယ့် မြို့တွေကိုသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ လူထုကို အသိမပေးတော့ဘဲ စစ်ကောင်စီနဲ့အပစ်ရပ်ခဲ့ပါတယ်။ MNDAAဟာ ၁၀၂၇စစ်ဆင်ရေးအတွင်း လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။

လားရှိုးမြို့ကို ၂၀၂၅ ဧပြီမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ပါတယ်။

သိန္နီနဲ့ကွတ်ခိုင်အပါအဝင် MNDAAက ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီး ခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းကြောင်း ဇန်နဝါရီလဆန်းကကြေငြာခဲ့ပါတယ်။စစ်ကောင်စီတပ်များ လုံးဝကင်းစင်သွားပြီဖြစ်တဲ့ ကိုးကန့်ဒေသကို အထူးဒေသ ၁အဖြစ် သတ်မှတ်ထားပြီး ကိုးကန့်မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းလိုက်တာလို့ ကြေညာခဲ့ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးအပြီးမသတ်သေးခင် အဖြစ်ရိုက်ခဲ့ခြင်းအတွက်း MNDAAဟာလူထုကိုလိမ်ညာခဲ့ပြီး စစ်တပ်နဲ့တရုတ်အစိုးရအလိုကျ ရပ်တည်တဲ့လက်နက်ကိုင်အဖွဲ့အဖြစ် လူထုရဲ့ ပြစ်တင်ဝေဖန်မှုခံနေရပါတယ်။

ဆက်စပ်သတင်းများ