Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့တော်ကိယက်ဗ်ကို ရုရှားတိုက်ခိုက်ခဲ့မှုအတွက် လက်တုံ့ပြန်မယ်လို့ ယူကရိန်းပြော

မြို့တော် ကိယက်ဗ်မှာ လူပေါင်း နှစ်ဒါဇင်လောက် သေဆုံးစေခဲ့တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုအတွက် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

မြို့တော် ကိယက်ဗ်မှာ လူပေါင်း နှစ်ဒါဇင်လောက် သေဆုံးစေခဲ့တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုအတွက် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြည်သူတွေရဲ့ အသက်တွေကို ဖျက်ဆီးပစ်ခဲ့တဲ့ ကျူးကျော်သူ ရုရှားရဲ့ လုပ်ရပ်ကို တုံ့ပြန် ဒဏ်မခတ်ဘဲ ကျေအေး ခွင့်လွှတ်ပေးလိုက်စရာ အကြောင်းမရှိဘူးလို့ မေလ ၁၅ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာ Xပေါ် ရေးသားထားခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်က ရုရှားဟာ ကိယက်ဗ်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အလုံးအရင်း အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပါတယ်။

ရုရှားဟာ ၄ နှစ်ကျော် ကြာမြင့်လာတဲ့ စစ်ပွဲကာလတလျှောက် အိမ်နီးချင်း ယူကရိန်းကို နေ့စဉ်လိုလို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး ဆက်လက် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ မေလ ၁၅ ရက်နေ့မှာတော့ ယူကရိန်းကလည်း ရုရှားရဲ့ ရိုင်ယာဇန်မြို့ကို ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ရုရှားက ထုတ်ပြန်ပါတယ်။

အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရုရှားနဲ့ ယူကရိန်းတို့ဟာ မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ယာယီ အပစ်ရပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ရုရှားဟာ ကလေး ၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၄ ဦးရဲ့ အသက်တွေကို နုတ်ယူခဲ့ကြောင်း၊ ဒီလုပ်ရပ်ကို ခွင့်လွှတ်ပေးနိုင်စရာ အကြောင်းမရှိကြောင်း ဆိုပါတယ်။ သေဆုံးခဲ့တဲ့ ကလေးတွေက အသက် ၁၂ နှစ်၊ ၁၅ နှစ်နဲ့ ၁၇ နှစ် အရွယ်တွေလို့ ယူကရိန်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ် ကလေးရဲ့ ဖခင်ကတော့ ရုရှားတပ်တွေ စတင်ကျူးကျော်ချိန်မှာ ခုခံတွန်းလှန်ရင်း နိုင်ငံအတွက် အသက်ပေးခဲ့ရပြီး ဖြစ်တယ်လို့ ယူကရိန်း ဝန်ကြီးချုပ် ယူလီယာ ဆီဗရီဒန်ကိုက ပြောကြားခဲ့ပါတယ်။

ရုရှားလက်ချက်ကြောင့် ပျက်စီးသွားတဲ့ နေရာတွေမှာ ပိတ်မိနေသူတွေကို လိုက်လံရှာဖွေရတဲ့ မစ်ရှင်ဟာ ၂၈ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ မဆုတ်မနစ် အားထုတ်မှုကြောင့် အသက်ပေါင်း ၃၀ လောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ကိယက်ဗ် မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုကတော့ ရုရှားတိုက်ခိုက်မှုအပြီး ဆေးရုံတက်နေရတဲ့ လူနာပေါင်း ၂၄ ဦးလောက် ရှိနေတယ်လို့ ပြောပါတယ်။

မေလ ၁၅ ရက်နေ့တုန်းကတော့ ရုရှားနဲ့ ယူကရိန်းတို့ဟာ စစ်သုံ့ပန်း ၂၀၅ ဦးစီကို အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား သုံ့ပန်းစုစုပေါင်း ၁၀၀၀ ဝန်းကျင်လောက် လဲလှယ်ဖို့ ညှိနှိုင်းထားမှုရဲ့ ပထမအသုတ် အကောင်အထည်ဖော်မှုလို့ ယူဆနိုင်ကြောင်းလည်း ဇီလန်စကီးက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

Facebook