Connect with us

Hi, what are you looking for?

သတင်း

၂၀၂၆ခုနှစ်အတွက် သတင်းပညာရပ် အမျိုးသမီး သတ္တိရှင်ဆုကို မြန်မာဂျာနယ်လစ်တစ်ဦး ရရှိ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးမီဒီယာဖောင်ဒေးရှင်း (IWFA)ကရွေးချယ်တဲ့ ၂၀၂၆ ခုနှစ်သတင်းပညာရပ်သတ္တိရှင်ဆုကို မြန်မာအမျိုးသမီး ဂျာနယ်လစ် တစ်ဦးက ရရှိခဲ့ပါတယ်။

​မေ-၁၇၊၂၀၂၆။People’s Spring

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးမီဒီယာဖောင်ဒေးရှင်း (IWFA)ကရွေးချယ်တဲ့ ၂၀၂၆ ခုနှစ်သတင်းပညာရပ်သတ္တိရှင်ဆုကို မြန်မာအမျိုးသမီး ဂျာနယ်လစ် တစ်ဦးက ရရှိခဲ့ပါတယ်။

အဲဒီ ဆုဟာ သတင်းလုပ်ငန်းအတွက် အန္တရာယ်များပြီး ဖိအားတွေ ကြီးမားတဲ့ အခြေအနေတွေမှာ မဆုတ်မနစ် ကြိုးစားအလုပ်လုပ်နေတဲ့မီဒီယာသမားတွေကို ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။

အခုနှစ်အတွက် ဆုရရှိသူတွေ စာရင်းမှာတော့ အီရန်၊ အမေရိကန် နဲ့ မြန်မာနိုင်ငံတွေကသတင်းထောက်စုစုပေါင်း ၄ ဦးကို ဆုအတွက် ရွေးချယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးမှုတွေ၊ ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ သတင်းဆင်ဆာတည်းဖြတ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေကြားမှာ သတင်းအလုပ်ကို အပြောင်မြောက်ဆုံးလုပ်ဆောင်ခဲ့ကြတာကြောင့် အဲဒီဆုကို ချီးမြှင့်ခဲ့တာလို့ IWMFက ထုတ်ပြန်ခဲ့ပါတယ်။

ဆုရသူတွေထဲမှာ Myanmar Nowရဲ့ဒစ်ဂျစ်တယ်သတင်းထောက်နေမင်းနီ လည်းပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် Myanmar Nowဟာ မီဒီယာ လုပ်ငန်းလိုင်စင် ရုပ်သိမ်းတာခံခဲ့ရပါတယ်။ဒါပေမဲ့ နေမင်းနီဟာ ပြည်တွင်းမှာဆက်လက်နေထိုင်ရင်း သတင်းအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေခဲ့ပါတယ်။

သူဟာစစ်ပွဲသတင်း၊ စစ်ရှောင်တွေအရေး၊လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ဆက်လက် သတင်းရယူရင်း မီဒီယာ တာဝန်ကို ရဲရဲဝံ့ဝံ့ ဆက်လက် ထမ်းဆောင်နေခဲ့ကြောင်း IWMFကဆိုပါတယ်။ လုံခြုံရေး အခြေအနေတွေကြောင့် သူ့ရဲ့ ကလောင်နာမည်ကိုသာ ဖော်ပြခဲ့ပြီး နာမည်အမှန်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

နေမင်းနီနဲ့အတူ အခုနှစ်အတွက် ဆုရခဲ့သူတွေကတော့ အီရန် ဂျာနယ်လစ် ညီအစ်မဖြစ်တဲ့ အီလာဟာ မိုဟာမေဒီနဲ့ အယ်လ်နက်ဇ် မိုဟာမေဒီ၊ အမေရိကန် သတင်းထောက် ဂျော်ဂျီယာဖို့တ်တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင်အထူးဆုအဖြစ်ဖိလစ်ပိုင်နိုင်ငံမှာ အကျဉ်းချ ခံနေရတဲ့ သတင်းထောက် ဖရန်ချီ မေ ကွမ်ပီရိုကိုလည်း Wallis Annenberg Justice for Women Journalistsဆုချီးမြှင့်ကြောင်း IWMF က ကြေညာခဲ့ပါတယ်။ သူဟာ လူ့အခွင့်အရေးနဲ့ လူမှုရေးရာ ကိစ္စတွေအတွက် သတင်းဖော်ပြခဲ့ရာက ၂၀၂၀ ပြည့်နှစ် ကတည်းက ထောင်ကျနေတာပါ။

IWMFရဲ့ ဥက္ကဋ္ဌ အဲလစ်ဆာ လီစ်မူညော့ဇ်က သတင်းမီဒီယာ ပရော်ဖက်ရှင်နယ်ဟာ အာဏာရှင်​တွေရဲ့ပစ်မှတ်ထားဒဏ်ခတ်ရမယ့် အလုပ်အကိုင် တစ်ခုအဖြစ် ရန်လိုတဲ့ သဘောထားတွေ မြင့်တက်လာချိန်မှာ အခု ဆုရှင်တွေကတော့ သူတို့ရဲ့ ခိုင်မာတဲ့ သတ္တိကို ပြသခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

IWMFက ကမ္ဘာကြီးရဲ့အစိတ်အပိုင်းအများအပြားမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ဆုတ်ယုတ် ကျဆင်းလာနေပြီး သတင်းထောက်တွေဟာ သူတို့ရဲ့ အသက်မွေး အလုပ်ကို လုပ်ကိုင်နေရုံ အတွက်နဲ့ ဥပဒေကြောင်းအရဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ အွန်လိုင်းကနေ တိုက်ခိုက်ထိုးနှက် ခံရတာတွေ ကြုံနေရတယ်လို့လည်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နေမင်းနီဟာ လူ့အခွင့်အရေးနဲ့ စစ်ရေးပဋိပက္ခ သတင်းတွေကို ဆက်လက် ဖော်ပြနေပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ အန္တရာယ်ကြောင့် အထူးလျှို့ဝှက်ပြီး နေထိုင်နေရပါတယ်။ အီရန်က ညီအစ်မ ဆိုရင်လည်း ပြည်တွင်းက ဆန္ဒပြပွဲတွေနဲ့ လူမှုအကျပ်အတည်းတွေအကြောင်းသတင်းဖော်ပြမိတာကြောင့် ဖမ်းဆီး ထောင်ချခံရမယ့် အခြေအနေတွေ ရင်ဆိုင်နေရပါတယ်။ဖို့တ်ကလည်း ဆန္ဒပြပွဲ တစ်ခုအကြောင်း သတင်းယူနေရင်းနဲ့ ဖမ်းဆီးခံခဲ့ရဖူးပြီး အခုတော့ ဖက်ဒရယ် အစိုးရရဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်းပညာရပ် သတ္တိရှင်ဆုကို အမေရိကန်ဘဏ်က ကမကထပြုပြီး ချီးမြှင့်ပေးတာဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ နိုဝင်ဘာလကျရင်နယူးယောက်နဲ့ လော့စ်အန်ဂျလိစ်တို့မှာကျင်းပသွားဖို့ လျာထားပါတယ်။အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ဆုရှင်တွေအားလုံး ဆုပေးပွဲ တက်ရောက်ဖြစ်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုးကား-IWMF

ဆက်စပ်သတင်းများ