ဉာဏ်ရည်တု နည်းပညာ (AI) အထောက်အပံ့ဆိုင်ရာ နာမည်ကြီး chatbot တစ်ခုဖြစ်တဲ့ ChatGPTရဲ့ လတ်တလော ကြုံနေတဲ့ အမှုပွေနေမှုတွေဟာ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းက AIတွေအပေါ် ပိုမို မှီခိုလာခြင်းရဲ့ ကြောက်စရာ ဆိုးကျိုးတစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ ChatGPTဟာ တက္ကသိုလ် ဝင်းထဲမှာ သေနတ်သမား တစ်ယောက်ရဲ့ ဝင်ရောက်ရမ်းကား ပစ်ခတ်မှုကို အားပေးအားမြှောက် လုပ်ခဲ့သလို လူသေစေတဲ့အထိ လွန်ကဲတဲ့ ဆေးညွှန်းတွေ ပေးခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့ ကြုံလာတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လက်ရှိ လူသုံးအများဆုံး AI chatbot တစ်ခုဖြစ်တဲ့ ChatGPTရဲ့ မိခင်ကုမ္ပဏီ OpenAIဟာ မကြာသေးခင်က တရားစွဲဆိုမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ စွဲချက်တင်သူတွေကတော့ ၂၀၂၅ ခုနှစ်၊ ဧပြီလတုန်းက ဖလော်ရီဒါ ပြည်နယ်ထဲက တက္ကသိုလ် တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ တစ်ဦးရဲ့ မိသားစုဝင်တွေပါ။ အဲဒီ တုန်လှုပ်စရာ မှုခင်းကြီး ပေါ်ပေါက်လာစေဖို့ ChatGPTက အားပေးအားမြှောက် လုပ်ခဲ့တယ်လို့ တရားလို ရှေ့နေတွေက အခိုင်အမာ ပြောပါတယ်။
ဖလော်ရီဒါ ပြည်နယ်ထဲက ဖက်ဒရယ် အစိုးရ တရားရုံး တစ်ခုကို ရောက်လာတဲ့ အမှုမှာ သေဆုံးသူ တီရူ ချက်ဘာရဲ့ ဇနီး ဗန်ဒါနာ ဂျိုရှီက အဓိက တရားလိုအဖြစ် တိုင်ကြားခဲ့ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ OpenAIကို စွဲချက်တင်ခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ သေနတ်သမားဖြစ်တဲ့ ဖီးနစ် အစ်ခ်နာဟာ အဲဒီ မှုခင်းအတွက် ChatGPTဆီကနေ အကြံဉာဏ်တွေ ရယူခဲ့သလို OpenAIရဲ့ chatbotက တရားခံဖြစ်သူ ပြစ်မှု ကျူးလွန်တဲ့ထိ သွေးထိုး လှုံ့ဆော်ပေးခဲ့တယ်လို့ ကျန်ရစ်သူ မိသားစုက ယုံကြည်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။
ချက်ဘာရဲ့ မိသားစုနဲ့ သူတို့ရဲ့ ရှေ့နေတွေက သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့တဲ့အခါ OpenAIဟာ ChatGPTကို အကျိုးအမြတ် ရရှိရေး အတွက်သာ ဦးစားပေးခဲ့ပြီး အများပြည်သူ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။ ရှေ့နေတွေရဲ့ အဆိုအရ အစ်ခ်နာဟာ ပစ်ခတ်မှုကို မကျူးလွန်ခင်မှာ လက်နက်တွေရဲ့ အသုံးပြုပုံနဲ့ တခြား သတင်းအချက်အလက်တွေကို ChatGPTဆီမှာ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ တရားခံက မေးမြန်းခဲ့တဲ့ထဲမှာ တိုက်ခိုက်မှု ကျူးလွန်မယ်ဆိုတာ နိမိတ်ပြထားတဲ့ စကားလုံးတွေ ပါဝင်နေခဲ့ပေမယ့် ChatGPTက မျက်ကွယ် ပြုခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ပိုပြီး ဆိုးရွားတဲ့ အချက်က အဲဒီ AI chatbotဟာ ပစ်ခတ်မှုတစ်ခု ကျူးလွန်ခဲ့ရင် လူအများရဲ့ အာရုံစိုက်မှု ရလာစေမယ်၊ နာမည်ကြီးသွားမယ်ဆိုတဲ့ အဆိပ်အတောက် ဖြစ်စေမယ့် သဘောတရားတွေကို အစ်ခ်နာဆီ ထောက်ပံ့ပေးခဲ့တယ် ဆိုတာပါပဲ။ အမေရိကန်မှာ ဖြစ်ခဲ့တဲ့ အစုလိုက် သေဆုံးတဲ့ ပစ်ခတ်မှုတွေမှာ သေနတ်သမားနဲ့ ပတ်သက်ပြီး လူတွေက ဘယ်လို အာရုံစိုက်ခဲ့တယ် ဆိုတာမျိုးတွေကို ChatGPTက ရှာဖွေပေးခဲ့ပါတယ်။ အစ်ခ်နာက သူ့ရဲ့ စိတ်ဖိစီးမှု၊ အထီးကျန်မှုတွေကို ရင်ဖွင့်ခဲ့တဲ့ အချိန်တွေမှာလည်း ChatGPTက သူ့ကို ချီးကျူး မြှောက်ပင့်တဲ့ စကားမျိုးတွေ ပြောခဲ့တယ်လို့ စွဲချက်ထဲမှာ ပါရှိခဲ့ပါတယ်။
တရားလို ရှေ့နေတွေ တင်ပြထားတဲ့ အချက်အလက်တွေထဲမှာတော့ ChatGPTဟာ တရားခံက ပစ်မှတ်အဖြစ် ရွေးထားတဲ့ တက္ကသိုလ်ရဲ့ ပရဝုဏ်ထဲက ဖြစ်နိုင်ခြေ လူဦးရေတွေ၊ မီဒီယာတွေ အာရုံစိုက်နိုင်လောက်မယ့် အခြေအနေတွေ အကြောင်းကိုပါ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ တရားလို မိသားစုဖက်ကတော့ အစ်ခ်နာ မေးမြန်းခဲ့တဲ့၊ ပြောဆိုခဲ့တဲ့ အချက်အလက်တွေထဲမှာ ပစ်ခတ်မှု ကျူးလွန်တော့မယ် ဆိုတာကို အရမ်းထင်သာမြင်သာ ပြသထားလျက်နဲ့ ChatGPTက ဘာကြောင့် အလေးထား တုံ့ပြန်မှု မရှိခဲ့သလဲလို့ မေးခွန်းထုတ်ထားပါတယ်။
ChatGPTနဲ့ ပတ်သက်လို့ နောက်ထပ် ပြဿနာ တစ်ခုကတော့ ဆမ်နယ်လ်ဆန်ရဲ့ သေဆုံးမှု ဖြစ်ပါတယ်။ အဲဒီ လူငယ်လေးဟာ အထက်တန်း ကျောင်းသား ဘဝကတည်းက ChatGPTကို စွဲစွဲမြဲမြဲ အသုံးပြုလာပါတယ်။ ၂၀၂၃ ခုနှစ်ရောက်တော့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ပထမနှစ် ကျောင်းသားအဖြစ် တက်ရောက်နေချိန်မှာ သူဟာ တရားမဝင် ဆေးဝါးတွေကို ဘယ်လိုမျိုး အန္တရာယ်ကင်းကင်း သုံးစွဲလို့ ရမလဲဆိုတဲ့ မေးခွန်းတွေကို ChatGPTဆီ စတင် မေးမြန်းလာပါတယ်။
အစောပိုင်းမှာတော့ AI chatbotက နယ်လ်ဆန်ကို အဖြေတွေပေးဖို့ ငြင်းဆန်ပြီး ဆရာဝန် တစ်ယောက်ယောက်နဲ့ တိုင်ပင်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ခဏခဏ မေးမြန်းတဲ့ အခါမှာတော့ ChatGPTရဲ့ တုံ့ပြန်မှုတွေက ပိုပြီး ပွင့်လင်းလာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ChatGPTဟာ နယ်လ်ဆန်ရဲ့ အရပ်၊ ကိုယ်အလေးချိန်တွေအပေါ် အခြေခံပြီး သူ့သဘောနဲ့သူ ဆေးညွှန်းပေးတာတွေပါ လုပ်လာပါတယ်။ နယ်လ်ဆန် သောက်ချင်တဲ့ ဆေးဝါးတွေကို သုံးစွဲရင် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာတွေကိုပါ ChatGPTက တုံ့ပြန် ဆွေးနွေးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှာတော့ နယ်လ်ဆန် သေဆုံးသွားပါတယ်။ အကြောင်းကတော့ ဘိန်းစာရွက်ရည် အပြင်းတွေ ရောထားတဲ့ အရက်ကို သောက်မိလို့ပါ။ သူမသေခင်မှာ နယ်လ်ဆန်ဟာ ဘိန်းစာရွက်ရည်နဲ့ အရက်ကို ဘယ်လောက် ပမာဏထိ သောက်လို့ ရမလဲ ဆိုတာမျိုး ChatGPTဆီကို မေးထားခဲ့ပါတယ်။ ChatGPTကလည်း ဘယ်လို တုံ့ပြန်မှုတွေ ရှိလာနိုင်သလဲ ဆိုတာမျိုးတွေကို ပြန်ဖြေထားပါတယ်။ ကိုယ်လက် မအီမသာဖြစ်ရင် Xanaxဆိုတဲ့ ဆေးတစ်မျိုးကို သုံးစွဲဖို့လည်း ညွှန်းထားပါတယ်။ ChatGPTက ဘိန်းစာရွက်ရည် ရောထားတဲ့ အရက်ဟာ ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ပြောပေမယ့် သောက်ချင်တယ် ဆိုရင်လည်း ဘယ်လောက် အတိုင်းအတာထိ သောက်လို့ရမလဲ ဆိုတာမျိုးတွေ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အကြံပြုချက်တွေဟာ တိကျမှန်ကန်တယ်ဆိုတဲ့ အာမခံချက်တော့ မရှိခဲ့ပါဘူး။
သားဖြစ်သူရဲ့ အလောင်းကို ရှာတွေ့ခဲ့တဲ့ မိခင်ဖြစ်သူ လိုင်လာ တာနာစကော့က သူဟာ အစောပိုင်းတုန်းကတော့ သူ့သားရဲ့ သေဆုံးမှုဟာ ဆေးလွန်တာ သက်သက်ကြောင့်လို့ အစောပိုင်းမှာ ထင်ခဲ့မိကြောင်း ပြောပြပါတယ်။ ဒါပေမဲ့ ChatGPTနဲ့ လုပ်ထားတဲ့ အမေးအဖြေတွေကို မြင်တဲ့အခါမှာတော့ သူက အရမ်းတုန်လှုပ်သွားခဲ့ပါတယ်။ OpenAIရဲ့ AI chatbotဟာ နယ်လ်ဆန်အတွက် ဆေးသုံးစွဲဖော် တစ်ယောက်လို ဖြစ်နေခဲ့တယ်လို့ လိုင်လာက စွပ်စွဲခဲ့ပါတယ်။ တကယ်တော့ တရားဥပဒေနဲ့ မညီတဲ့ ဆေးဝါးတွေ သုံးစွဲမှုမှာ AIက အကြံတွေ ပေးနေတယ် ဆိုတာဟာ ကျင့်ဝတ်ပိုင်းအရ ဆိုးရွားလွန်းတဲ့ စည်းဖောက်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
OpenAIကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ChatGPTဟာ အများပြည်သူအတွက် သင့်တော်တဲ့၊ ဖြေသင့်တဲ့ မေးခွန်းတွေကိုပဲ ပြန်ဖြေပေးခဲ့တာလို့ ကုမ္ပဏီဖက်က ပြောပါတယ်။ ဒါပေမဲ့ လူ့အသက်တွေ စတေးခဲ့ရတဲ့ အရှုပ်အထွေးတွေမှာ ChatGPTက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပုံရိပ်ကတော့ တကယ့်ကို အကျည်းတန်ခဲ့ပါတယ်။ ပြီးတော့ ဒါတွေက တရားဥပဒေတွေ ခိုင်မာ အားကောင်းတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာ ဖြစ်ခဲ့တာပါ။ ကုမ္ပဏီ အနေနဲ့ ပြဿနာ ဖြစ်စေနိုင်လောက်တဲ့ အဖြေမျိုးတွေကို AI chatbotက ထုတ်မပေးအောင် အများကြီး ကန့်သတ်ထားလျက်နဲ့ ဒီအခြေအနေတွေ ကြုံလာတာ ဖြစ်ပါတယ်။ AIသုံးစွဲမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေ စည်းမျဉ်းတွေ၊ အရေးယူမှု စံနှုန်း ကန့်သတ်ချက်တွေ မရှိတဲ့ နိုင်ငံတွေမှာ AI chatbotတွေက ထုတ်ပေးနေတဲ့ အဖြေတွေဟာ ဘယ်လောက်ထိ အန္တရာယ်ကြီးကြီး လွဲချော်သွားနိုင်သလဲ ဆိုတာကို မှန်းဆကြည့်လို့တောင် မရနိုင်ပါဘူး။
တကယ်တော့ AIနည်းပညာ ကုမ္ပဏီတွေ ကိုယ်တိုင်က AIက ထုတ်ပေးတဲ့ အဖြေတွေ အတိအကျ မမှန်နိုင်ဘူးဆိုတာ သတိပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများစုကတော့ AIကိုမေးပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ် မျက်စိစုံမှိတ် ယုံကြည်သွားတတ်ကြပါတယ်။ အဖြေအမှားတွေဟာ သာမန် အပေါ်ယံ ကိစ္စမျိုးတွေလောက်မှာဆိုရင် ထိခိုက်မှု မကြီးမားပေမယ့် ကျန်းမာရေး ကိစ္စမျိုးတွေကို AIက မှားဖြေမိရင်တော့ ပြဿနာတွေ ကြီးသွားမှာ ဖြစ်ပါတယ်။ အရင်ကလည်း သုတေသီတွေက AIက ထုတ်ပေးတဲ့ ကျန်းမာရေး အဖြေအမှားတွေ အကြောင်းကို ဆန်းစစ်လေ့လာပြီး ဖော်ပြဖူးပါတယ်။ အဲဒီထဲမှာ ကင်ဆာရောဂါသည်တွေအတွက် အခြေအနေ ပိုဆိုးသွားစေနိုင်တဲ့ နေထိုင်မှု ပုံစံ အမှားတွေကို AIက လမ်းညွှန်တာတွေ ရှိခဲ့ဖူးပါတယ်။
ChatGPT ကြုံနေတဲ့ လက်ရှိ အငြင်းပွားစရာ အခြေအနေတွေက တကယ်တမ်းတော့ AI chatbot အားလုံးမှာ ကြုံတွေ့နိုင်တဲ့ ပြဿနာတွေပါပဲ။ ဒါကြောင့်လည်း AI သုံးစွဲမှုနဲ့ ပတ်သက်လို့ ပိုပြီး ထိရောက်တဲ့ ဥပဒေတွေ၊ စံနှုန်းတွေကို နိုင်ငံအများအပြားမှာ အပူတပြင်း တောင်းဆိုနေတာ ဖြစ်ပါတယ်။ အနုစိတ် ဆန်းစစ်ကြည့်မယ်ဆိုရင် AI chatbotတွေဟာ အစွန်းရောက် ဘာသာရေး၊ နိုင်ငံရေး အယူဝါဒတွေကို ကူညီရှာဖွေပေးခဲ့တာ၊ စစ်လက်နက် အသုံးပြုနည်းတွေ သင်ကြားပေးတာတွေ ရှိခဲ့ပါတယ်။
OpenAIကတော့ ChatGPTကို ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ တလွဲအသုံးချမှုတွေကို တားဆီးဖို့၊ လုံခြုံရေး စံနှုန်းတွေကို မြှင့်တင်ဖို့ နေ့စဉ်နဲ့အမျှ ကြိုးစားနေတယ်လို့ ပြောထားပေမယ့် ထိရောက်မှုတွေကတော့ နည်းပါးနေဆဲပါ။ ဥပမာ မကြာသေးခင်က ထိုင်းနိုင်ငံမှာ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသား တစ်ဦးဟာ ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြုပုံ နည်းလမ်းတွေကို ChatGPTဆီ မေးမြန်းထားတာကို ထိုင်းရဲတွေက ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ အဲဒီ တရုတ် နိုင်ငံသားဟာ ကမ္ဘောဒီးယား အခြေစိုက် အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေနဲ့ ဆက်စပ်နေပြီး ပြိုင်ဘက်ဂိုဏ်း တစ်ခုကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်ထားခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နယ်လ်ဆန်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ChatGPTကို မိသားစုက တရားစွဲတဲ့ ဆင်တူ ကိစ္စမျိုးတွေကို ပြီးခဲ့တဲ့ လပိုင်းတွေမှာ ပိုပြီး သတင်းကြားလာရပါတယ်။ AI chatbotတွေဟာ လူ့အသိုက်အဝန်းကို ဘေးဥပါဒ် ဖြစ်စေမယ့် လုပ်ရပ်တွေမှာ ဆက်နွှယ် ပတ်သက်နေကြောင်း စွပ်စွဲချက်တွေကလည်း ကြီးထွားလာနေပါတယ်။ လူသားတွေဟာ နေ့စဉ် နေထိုင်မှု ဘဝမှာ ပိုပြီး လွယ်ကူ အဆင်ပြေစေဖို့အတွက် AI နည်းပညာကို တီထွင်ခဲ့ကြပါတယ်။ ပြီးတော့ တကယ်ပဲလည်း AIခေတ်ဆီ ဦးတည်တဲ့ အရွေ့မျိုးက တဖြည်းဖြည်း ပီပြင်လာနေပါတယ်။ ဒါပေမဲ့ အမှောင်ဖက်ခြမ်းက သက်ရောက်မှုအဖြစ် AIအပေါ် တလွဲအသုံးပြုမှုတွေ၊ AIက ထောက်ပံ့ပေးနိုင်တဲ့ ဆိုးကျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ် တားဆီးဖို့ကတော့ ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။


















































