ကွန်ဂိုနိုင်ငံက ဆေးရုံတစ်ခုရဲ့ ဝင်းထဲမှာ အီဘိုလာ ရောဂါသည်တွေကို ထားရှိဖို့ စီစဉ်ထားတဲ့ ရွက်ဖျင်တဲတွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းက လက်ရှိ အီဘိုလာ ကူးစက်မှုတွေ အဆိုးဆုံး ဖြစ်ပေါ်နေတဲ့ အီတူရီ ပြည်နယ်ထဲမှာ အခုလို တိုက်ခိုက်မှုမျိုး ပေါ်ပေါက်လာခဲ့တာပါ။ အီဘိုလာကြောင့် သေဆုံးသွားတယ်လို့ ယူဆရတဲ့ လူငယ်တစ်ဦးရဲ့ အလောင်းကို မိသားစုဝင်တွေက ပြန်တောင်းချိန်မှာ ရောဂါတားဆီးရေး လုပ်ထုံးလုပ်နည်းတွေအရ ဆေးရုံဖက်က ခွင့်မပြုခဲ့ပါဘူး။
အဲဒီနောက် ဒေါသထွက်သွားတဲ့ သူတွေဟာ ဘူနီရာ မြို့ထဲက ရာဝမ်ပါရာ ဆေးရုံထဲက ရွက်ဖျင်တဲတွေကို မီးတင်ရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ စစချင်းမှာ ဆေးရုံဖက်ကို ခဲတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်ကြကြောင်း၊ နောက်တော့ အဲဒီလူတွေက ဆေးရုံထဲက ရွက်ဖျင်တဲတွေကို မီးတင်ရှို့ခဲ့ကြကြောင်း ဒေသခံ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ လက် မာလမ်ဘီ မာလမ်ဘီက ပြောကြားခဲ့ပါတယ်။
နောက်တော့ ရဲတွေရောက်လာပြီး လေထဲ သေနတ်တွေ ပစ်ဖောက် ခြောက်လှန့်ရင်း တိုက်ခိုက်သူတွေကို လူစုခွဲခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲပါ။

Public Service Announcement
အီဘိုလာဟာ သွေးအပါအဝင် လူ့ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါ ဖြစ်ပါတယ်။ ရုပ်အလောင်းတွေကို စနစ်တကျ မဟုတ်ဘဲ ကိုင်တွယ်ခြင်းဟာ ရောဂါပျံ့နှံ့နိုင်ခြေကို ဆိုးဆိုးရွားရွား မြင့်တက်သွားစေနိုင်ပါတယ်။ ဒါကြောင့်လည်း အီဘိုလာ သံသယနဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆေးရုံက ပြန်ထုတ်မပေးဘဲ လူအများနဲ့ ဝေးရာမှာ သီးခြား မြှုပ်နှံ သင်္ဂြိုဟ်တာ ဖြစ်ပါတယ်။
မီးရှို့မှု အပြီးမှာတော့ ဆေးရုံဝင်းထဲမှာ စစ်တပ် အစောင့်အရှောက်ပါ ချထားလိုက်ရပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်မလာခင် လူအုပ်ကို ကြားဝင်ဟန့်တားဖို့ ကြိုးစားတဲ့ ဆေးရုံဝန်ထမ်း တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြောင်း သိရပါတယ်။
အခုဖြစ်စဉ်မှာ အီဘိုလာ သံသယနဲ့ သေဆုံးခဲ့တဲ့ လူနာဟာ ဒေသတွင်းမှာ လူချစ်လူခင်များပြီး လူသိများတဲ့သူ ဘောလုံးသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ သေဆုံးမှုဟာ ဒီရောဂါဆိုးက ဘယ်လောက် ကြောက်ဖို့ ကောင်းသလဲဆိုတဲ့ အရှိတရားကို လူတွေ ပိုပြီး အာရုံစိုက်မိဖို့ တွန်းအား ဖြစ်စေဖို့ မျှော်လင့်ကြောင်း အီတူရီ ပြည်နယ်ထဲက အီဘိုလာ တိုက်ဖျက်ရေး စင်တာတွေမှာ လုံခြုံရေး အကူအညီ ပံ့ပိုးပေးနေသူ ဂျင်းကလော့ဒ် မူကန်ဒီက ပြောကြားခဲ့ပါတယ်။
သေဆုံးသူရဲ့ မိခင်ကတော့ သူ့သားဟာ အူရောင်ငန်းဖျားကြောင့် သေဆုံးခဲ့တာဖြစ်ပြီး အီဘိုလာကြောင့် မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။ ဆိုးရွားတဲ့ အချက်တစ်ခုက ဆေးရုံကို တိုက်ခိုက်ခဲ့တဲ့ လူအုပ်ကြီးဟာ ကွန်ဂို အရှေ့ပိုင်းမှာ လူ ၁၆၀ နီးပါးလောက် သေဆုံးထားစေတဲ့ အီဘိုလာရောဂါ ကူးစက်နေတာကို အမှန်တကယ် မယုံကြတာဖြစ်ကြောင်း မူကန်ဒီက ဆိုပါတယ်။
ဆေးရုံတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက တကယ်မရှိတဲ့ ရောဂါကို ခေါင်းစဉ်တပ်ပြီး ငွေရှာဖို့ ကြိုးစားနေတာလို့ သူတို့က စွပ်စွဲနေကြတာက ကြေကွဲစရာကောင်းကြောင်း သူက ဆက်ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ ညွှန်ကြားချက်တွေထဲမှာတော့ အီဘိုလာကြောင့် သေဆုံးသူတွေကို လုံခြုံဘေးကင်းပြီး လူသားဂုဏ်သိက္ခာနဲ့ ကိုက်ညီစွာ မြှုပ်နှံဖို့ ပါရှိပါတယ်။ အဲဒီအတွက် လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေဟာ အထူးအကာအကွယ် ဝတ်စုံတွေကို အသုံးပြုပြီး ရုပ်အလောင်းတွေကို ကိုင်တွယ်ရမှာပါ။
WHOဟာ ကွန်ဂိုရဲ့ အီဘိုလာ ကူးစက်မှုတွေကို နိုင်ငံတကာ ကျန်းမာရေး ခြိမ်းခြောက်မှု အဖြစ်လည်း ကြေညာထားပါတယ်။ ဒါဟာ ကပ်ရောဂါ သတိပေးချက်ပြီးရင် ဒုတိယ အမြင့်ဆုံး ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ နှိုးဆော်ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။
ကွန်ဂိုဟာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း ဒေသတချို့ကို M23 လက်နက်ကိုင် အင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ အခုသီတင်းပတ်ထဲမှာတော့ အဲဒီအဖွဲ့ဟာ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ပိုင်းကီဗူ ပြည်နယ်ထဲမှာ ပထမဆုံး အီဘိုလာ ကူးစက်မှုကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီနေရာဟာ အီတူရီ ပြည်နယ်နဲ့ ကီလိုမီတာ ရာချီပြီး ဝေးပါတယ်။ မကြာခင်က ခရီးထွက်ထားတဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ စစ်ဆေးကြည့်ရာမှာတော့ အီဘိုလာဆိုတာ အတည်ပြုနိုင်ခဲ့ကြောင်း M23က ကြေညာခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ အီဘိုလာ ကူးစက်မှုတွေကို ထိန်းသိမ်း ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမျိုး လုံးဝမရှိတာကြောင့် ဒီသတင်းဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ ကွန်ဂို ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။
အီဘိုလာဟာ နှစ်အပိုင်းအခြားအလိုက် အာဖရိက နိုင်ငံတွေမှာ ခေါင်းထောင်လာလေ့ရှိတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အီဘိုလာကြောင့် အာဖရိကမှာ လူပေါင်း ၁၅၀၀၀ လောက် သေကြေပျက်စီးခဲ့ရပါတယ်။
ကွန်ဂိုဟာ အာဖရိက သမိုင်းမှာ အဆိုးဆုံး အီဘိုလာ ကူးစက်မှု တစ်ခုကို ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကွန်ဂိုမှာ လူပေါင်း ၃၅၀၀ လောက် ရောဂါကူးစက်ခံရပြီး ၂၃၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: BBC






















































