ကမ္ဘာတလွှားမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတွေ တင်ပို့ရောင်းချမှုဟာ ဆက်တိုက် တိုးတက်လာပြီး ၂၀၂၅ ခုနှစ် အတွင်းမှာတော့ ရောင်းသမျှ ကားအားလုံးရဲ့ လေးပုံတစ်ပုံလောက်ဟာ လျှပ်စစ်စွမ်းအင် သီးသန့် အသုံးပြုတဲ့ကား (EV)တွေနဲ့ လျှပ်စစ်စွမ်းအင် တစ်စိတ်တစ်ပိုင်း အသုံးပြုတဲ့ကား (PHEV)တွေ ဖြစ်လာကြောင်း သိရပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့ယှဉ်ရင် နိုင်ငံတကာ မော်တော်ကား စျေးကွက်မှာ လျှပ်စစ်ကားတွေရဲ့ အချိုးအစားဝေစုက နှစ်ဆတိုးလာတာလည်း ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေဟာ ရုပ်ကြွင်းလောင်စာသုံး ကားတွေနဲ့ ယှဉ်ရင် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းစေတဲ့ အားသာချက် ကြီးကြီးမားမား ရှိနေပါတယ်။
ကမ္ဘာပေါ်မှာ ကာဘွန်အခြေပြု ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုတွေမှာ မော်တော်ကားတွေဟာ အဓိက အစိတ်အပိုင်းကနေ ပါဝင်နေပေမယ့် လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်တဲ့အခါ အဲဒီဓာတ်ငွေ့တွေ ထုတ်လွှတ်ခြင်း မရှိပါဘူး။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA)က လတ်တလော ထုတ်ပြန်တဲ့ နှစ်အလိုက် လျှပ်စစ်ကား သုံးစွဲမှု အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ ကားအသစ် လေးစီး ရောင်းချတိုင်း တစ်စီးက လျှပ်စစ်စွမ်းအင် အသုံးပြုတဲ့ ကားတွေ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် ကားအသစ်တွေ ရောင်းချမှု စျေးကွက်ရဲ့ ၂၅ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေရဲ့ ဝေစု ဖြစ်လာပါတယ်။

Public Service Announcement
ထူးခြားမှု တစ်ခုကတော့ နော်ဝေးမှာ တစ်နှစ်အတွင်း ရောင်းချခဲ့သမျှ ကားအားလုံးနီးပါးဟာ EVနဲ့ PHEVတွေချည်း ဖြစ်ကြပြီး ၉၇ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ရုပ်ကြွင်းလောင်စာ သီးသန့် အသုံးပြုတဲ့ ကားတွေ ရောင်းရမှုက ၃ ရာခိုင်နှုန်းသာ နေရာရထားပါတယ်။
စကန်ဒီနေးဗီးယန်း နိုင်ငံတွေဖြစ်တဲ့ နော်ဝေး၊ ဒိန်းမတ်နဲ့ ဆွီဒင်တို့မှာ ပြီးခဲ့တဲ့နှစ်အတွင်း ကားအသစ် ရောင်းချမှုရဲ့ ၆၀ ရာခိုင်နှုန်းအထက် လျှပ်စစ် စွမ်းအင်သုံး တွေချည်း ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။
တရုတ်မှာလည်း ရောင်းချသမျှ ကားတွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၅၃ ရာခိုင်နှုန်းဟာ လျှပ်စစ်စွမ်းအင် အသုံးပြုတဲ့ အမျိုးအစားတွေ ဖြစ်လာကြောင်း IEAရဲ့ စာရင်းမှာ ပါရှိခဲ့ပါတယ်။
ရုပ်ကြွင်းလောင်စာသုံး ကားတွေနေရာမှာ လျှပ်စစ်ကားတွေ အစားထိုး အသုံးပြုလာမှုဟာ ကမ္ဘာကြီး သန့်စင်ရေးအတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုအဖြစ် ယေဘုယျ ယူဆနိုင်ပေမယ့် ကမ္ဘာအနှံ့မှာ တစ်သမတ်တည်း ကျင့်သုံးနိုင်စွမ်း မရှိသေးကြောင်း IEAက ထောက်ပြထားပါတယ်။ ဥပမာ အမေရိကန် ပြည်ထောင်စုမှာဆိုရင် လျှပ်စစ်စွမ်းအင်သုံး ကားတွေက စျေးကွက် မျက်နှာပန်း မလှသေးဘဲ ရောင်းအားက စျေးကွက်ဝေစုရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိနေပါသေးတယ်။
ကမ္ဘာကျော် ကားအမှတ်တံဆိပ်တွေ ပိုင်ဆိုင်တဲ့ ဂျပန်ရဲ့ အခြေအနေကတော့ ပိုဆိုးပြီး ပြည်တွင်းရောင်းချသမျှ ကားအသစ်အားလုံးရဲ့ ၃ ရာခိုင်နှုန်းသာ လျှပ်စစ်စွမ်းအင် သုံးစွဲထားတာဖြစ်ကြောင်း သိရပါတယ်။
ကိုးကား: Our World in Data
















































