Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာဒေသရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ဖို့ စစ်တပ်ကို ညွှန်ကြားထားကြောင်း အစ္စရေး ဝန်ကြီးချုပ်ဆို

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေးစစ်တပ် (IDF)ကို အမိန့်ပေးထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

ဓာတ်ပုံ - Reuters

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေးစစ်တပ် (IDF)ကို အမိန့်ပေးထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

ဒီအခြေအနေဟာ IDFနဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်ကြားက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လုံးဝ ပြိုလဲသွားစေနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေပါတယ်။

မေလ ၂၈ ရက်နေ့တုန်းက အစ္စရေး ထိန်းချုပ်ထားရာ နောက်ထပ် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ပြုလုပ်တဲ့ ကွန်ဖရင့် တစ်ခုကို တက်ရောက်ရင်း နေတန်ညာဟုက အခုလို ပြောဆိုသွားတာပါ။

လောလောဆယ် အစ္စရေးဟာ ဂါဇာရဲ့ ၆၀ ရာခိုင်နှုန်းလောက် အကျယ်အဝန်းကို ထိန်းချုပ်ထားကြောင်း၊ မူလက ၅၀ ရာခိုင်နှုန်းလောက် ရှိခဲ့ရာကနေ ၆၀ ရာခိုင်နှုန်းဆီ တိုးခဲ့ကြောင်း၊ IDFအတွက် သူ့ရဲ့ ညွှန်ကြားချက်ကတော့ အဲဒီ အကျယ်အဝန်းကို ထပ်တိုးဖို့ဖြစ်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူ့မိန့်ခွန်းကို နားထောင်နေသူတွေထဲက တစ်ဦးက ၁၀၀ ရာခိုင်နှုန်းလို့ လှမ်းအော်ခဲ့တဲ့အခါ နေတန်ညာဟုက တစ်ဆင့်ချင်းပဲ သွားတာကောင်းကြောင်း၊ လောလောဆယ်တော့ ၇၀ ရာခိုင်နှုန်းလောက်နဲ့ စတင်သင့်ကြောင်း၊ အစ္စရေးဟာ ဘက်ပေါင်းစုံကနေ ဖိအားပေးရင်း ဟားမားစ် အကြွင်းအကျန်တွေကို ကိုင်တွယ်နေကြောင်း တုံ့ပြန်သွားပါတယ်။

ဂါဇာမှာ IDFက ထိန်းချုပ်နယ်မြေတွေ ချဲ့ထွင်သိမ်းပိုက်မယ် ဆိုတာဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ မနှစ်က အောက်တိုဘာလမှာ ရယူထားခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုပါ အချက်အလက်တွေနဲ့တော့ အကြီးအကျယ် ဆန့်ကျင်နေပါတယ်။ အဲဒီ သဘောတူညီမှုအရ အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၅၃ ရာခိုင်နှုန်းစာ နယ်မြေကိုပဲ ထိန်းချုပ်ခွင့် ရထားတာ ဖြစ်ပါတယ်။

အပစ်ရပ် သဘောတူညီမှု ရယူထားပေမယ့် အစ္စရေးဟာ ဟားမားစ်တွေရဲ့ ရန်စမှုကို တုံ့ပြန်တာဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ခိုက်မှုတွေလည်း ဆက်လုပ်နေခဲ့ပါတယ်။ အပစ်ရပ် သဘောတူညီမှုကို ကြေညာပြီးနောက်ပိုင်း အစ္စရေး လက်ချက်ကြောင့် ပါလက်စတိုင်း ၇၃၈ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ IDF တပ်တွေဟာ မျဉ်းဝါစည်းလို့ ခေါ်တဲ့ သတ်မှတ်လိုင်းကနေ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။ အပစ်ရပ်ပြီးတဲ့နောက်ပိုင်း စစ်ပွဲကို အပြီးတိုင် ရပ်စဲဖို့ ဆွေးနွေးမှုတွေ ရှေ့ဆက်ရမှာ ဖြစ်ပေမယ့် အစ္စရေးနဲ့ ဟားမားစ်ကြားက တစ်ဆင့်ခံ ဆွေးနွေးမှုတွေဟာ တိုးတက်မလာဘဲ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

မေလ ၂၇ ရက်နေ့မှာတော့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က သူ့ရဲ့နိုင်ငံဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ တစ်ယောက်ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူးလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

အဲဒီနေ့က ဟားမားစ် ဦးဆောင်တဲ့ ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အများစု အပါအဝင် အစ္စရေး ၁၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဟားမားစ် အဖွဲ့သားတွေဟာ လူပေါင်း ၂၅၁ ဦးကိုလည်း ဂါဇာဖက် ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပြီး အဲဒီထဲက ၁၆၈ ဦးသာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။