Connect with us

Hi, what are you looking for?

သတင်း

အင်းလေးဒေသကို ပအိုဝ်းပြည်သူ့စစ်(PNO) ရယူမယ့် လျှို့ဝှက်စာထွက်ပေါ်

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

(အင်းလေးကန်အတွင်း ငါးဖမ်းနေသောဒေသခံတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – EPA)

မေ -၃၀၊၂၀၂၆။မိုမို/People’s Spring

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

အခု ၂၀၂၆ ဧပြီ ၁၅ရက်စွဲနဲ့ ထိပ်တန်းလျှို့ဝှက်ညွှန်ကြားချက်မှာ အင်းလေးဒေသတွင်း ပအိုဝ်းအမျိုးသားရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွေ စနစ်တကျ ဆောင်ရွက်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရအထူးဒေသ ဖြစ်လာစေရေး စတဲ့အချက် တွေ ပါ၀င်ပါတယ်။

အင်းလေးဒေသအတွင်းက ကျေးရွာတွေကို PNO ရဲ့ မူဝါဒ၊ လမ်းစဉ်တွေကို ထောက်ခံအားပေးတဲ့ ပအိုဝ်းလူမျိုးတွေဟာ ကျေးရွာလူကြီးဖြစ်လာစေဖို့အတွက် ဒေသခံပြည်သူတွေ ကြား စနစ်တကျ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ လျှို့ဝှက်စာမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုးချဲ့ရေး အတွက် အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတွင်း ထည့်သွင်းဖွဲ့စည်းရေးအတွက် လိုအပ်တဲ့အခြေခံအဆောက်အအုံတွေနဲ့ လူထုထောက်ခံမှု အင်အား‌ကို စည်းရုံးဆောင်ရွက်ဖို့ PNOက စီစဉ်ထားပါတယ်။

“အင်းလေးဒေသကိုရဖို့ PNO က အရင်ကတည်းက တောက်လျှောက်ကြိုးစားခဲ့တာ။ဒါပေမယ့် ၂၀၁၅ ပြည်သူ့အစိုးရ တက်လာတဲ့အချိန် ဒေသခံလူထုရဲ့ လွတ်လပ်တဲ့အမြင်အနည်းငယ်ရလာတယ်။တွေ့ရှိသိရှိလာတယ်။ ဒေသ‌တွင်းလူငယ်တွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက အဲဒီကိစ္စကို တွင်တွင်ကျယ်ကျယ်ပြောလာတာကြောင့် PNO ဘက်က ရပ်တန့်ခဲ့တာ။ဒီတခါကြတော့ အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး ပြန်လုပ်ဖို့ကြိုးစားလာတာ”လို့ အင်းတိုင်းရင်းသားတစ်ဦးက လျှို့ဝှက်ညွှန်ကြားစာနဲ့ပတ်သက်ပြီး ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်ကြားမှာရှိတဲ့ အင်းလေးဒေသ ရယူဖို့ နယ်မြေတစပ်တည်း ဖြစ်ဖို့အတွက် PNO ရဲ့ကြိုးပမ်းမှုဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ သတိကြီးစွာထားဖို့လည်း သူက တိုက်တွန်းပါတယ်။

“PNO က အခုလည်း အင်းလေး ဒေသမှာ စစ်ရေးလှုပ်ရှားနေတာပေါ့။ဒါပေမယ့် အထူးဒေသ ၆ ဖြစ်တဲ့ ဆီဆိုင်၊ဟိုပုန်း၊ပင်လောင်းကို သတ်မှတ် တဲ့အချိန်မှာ မပါဘူးလေ။အခုက ညောင်ရွှေ မြို့နယ်ရဲ့ အင်းလေးဒေသ တောင်ဘက်တခြမ်းကို အထူးဒေသထဲ ထည့်ဖို့များနေတာ”လို့ PNO ရဲ့ စစ်ရေးလှုပ်ရှားမှု နဲ့ အင်းလေး ဒေသကို ရယူမယ့် အခြေအနေကို ဒေသခံလူမှုအဖွဲ့အစည်းတာ၀န်ရှိသူက ပြောပါတယ်။

အင်းတိုင်းရင်းသား ၂သိန်းကျော်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသကို အင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဒေသခံတွေက တောင်းဆိုနေတာလည်းရှိပါတယ်။

တိုင်းရင်းသား‌တွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့ အနည်းဆုံးမြို့နယ် ၂ခုရှိဖို့ လိုအပ်ချက်ကြောင့် အင်းလေးဒေသမှာ လက်ရှိ ညောင်ရွှေမြို့နယ်တစ်ခုပဲရှိလို့ နမ့်ပန်မြို့ကို မြို့နယ်အဆင့် ပြန်လည်သတ်မှတ်ပေးရေး ကနဦး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“အင်းလေးဒေသကို PNO က အုပ်ချုပ်မယ်ဆိုတော့ အင်းပါတီတွေ ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားရာပါကျနော်တို့ကတော့ရှင်းတယ် ရန်သူနဲ့လက်တွတဲ့ ဘယ်အဖွဲ့အစည်းမဆို လက်ခံစရာအကြောင်းမရှိပါ”လို့ အင်းလေးဒေသခံတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အင်းလေးဒေသဟာ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်တွေအတွက် အထူးလည်ပတ်စရာ ဒေသ ဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း ခရီးသွားလုပ်ငန်းအများစု ရပ်ဆိုင်းခဲ့ရပါတယ်။

ဒီကနေ့ ထွက်ရှိတဲ့ ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်က အတုဖြစ်တယ်လို့ PNO က ဆိုပါတယ်။

PNO ဟာ ၁၉၉၁ က စစ်တပ်နဲ့ အပစ်ရပ် လက်မှတ်ထိုးခဲ့ပြီး ၂၀၀၉ မှာ လူမျိုးစု လက်နက်ကိုင်တပ် အဖြစ်ကနေ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အသွင်ပြောင်းခဲ့သလို တော်လှန်ရေး အင်အားစုတွေကို စစ်တပ်နဲ့အတူ ပူးပေါင်း တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦး ကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။