Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ လူချင်းတွေ့ဖို့ ယူကရိန်း သမ္မတ ကမ်းလှမ်း

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုက ၄ နှစ်ကျော် ကြာမြင့်လာတဲ့ အချိန်မှာ စစ်ပွဲကို ရပ်စဲနိုင်ရေး အားထုတ်မှု တစ်ခုအဖြစ် ဇွန်လ ၄ ရက်နေ့မှာ ဇီလန်စကီးက အိတ်ဖွင့်ပေးစာ တစ်စောင်ကနေတဆင့် ပူတင်ကို အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ရရှိဖို့ ကြားဝင် ကြိုးစားပေးခဲ့ပေမယ့် အခုတော့ ကိုယ်တိုင်ဆင်နွှဲတဲ့ အီရန်စစ်ပွဲအပေါ် အာရုံစိုက်ရင်း အလုပ်ရှုပ်နေပါတယ်။ ဇီလန်စကီးက စစ်ပွဲအတွက် အမေရိကန် တကျော့ပြန် အာရုံစိုက်လာတာကို ထိုင်စောင့်နေခြင်းက မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ သူ့ရဲ့ စာထဲမှာ ရေးသားထားပါတယ်။

ငြိမ်းချမ်းရေး ဆိုတာဟာ ယူကရိန်းနဲ့ ရုရှားကြားက တိုက်ရိုက်ထိတွေ့ ဆွေးနွေးမှုမျိုးနဲ့သာ ရယူနိုင်မယ့် အရာမျိုးလို့လည်း ယူကရိန်းရဲ့ ခေါင်းဆောင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး နှစ်ဖက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေချိန် အတောအတွင်း အပြည့်အဝ အပစ်အခတ် ရပ်စဲထားဖို့ကိုလည်း ဇီလန်စကီးက ထည့်သွင်း တောင်းဆိုထားပါတယ်။ အဲဒီ စိတ်ကူးမျိုးကို အစောပိုင်းမှာ ပူတင်က ပြတ်ပြတ်သားသား ငြင်းဆိုထားဖူးပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေသာ တွေ့ဆုံဖြစ်ကြရင် အတော်ကောင်းမယ်လို့ ဇွန်လ ၄ ရက်နေ့ ညပိုင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကလည်း ယူကရိန်းရဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရရှိကြောင်း၊ သမ္မတ ပူတင်ဆီ အစီရင်ခံ တင်ပြသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

စာထဲမှာပါတဲ့ စကား အသွားအလာတွေက အလျှော့ပေးထားတဲ့ လေသံမျိုးတော့ မဟုတ်ဘဲ တချို့အပိုင်းတွေမှာ ရုရှားကို သရော်ထားတာမျိုးတောင် ပါနေတယ်လို့ ယူဆရပါတယ်။ ဥပမာ ရုရှားပိုင်နက်ထဲမှာ မကြာသေးခင် ကာလတွေအတွင်း ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေ အရှိန်အဟုန် မြင့်လာတဲ့ အကြောင်းတွေကို ထည့်သွင်း ဖော်ပြထားပါတယ်။ နောက်ပြီး အာဏာကို ၂၆ နှစ်ကြာ ဆုပ်ကိုင်ထားပြီးတဲ့ အချိန်မှာ ပူတင်ဟာ ဇရာထောင်းစ ပြုလာပြီဆိုတဲ့ သဘောမျိုးလည်း ရေးသားထားပါတယ်။

စစ်ရပ်စဲရေးနဲ့ ပတ်သက်လို့တော့ အချင်းချင်း တိုက်ရိုက် ညှိနှိုင်းမှုမျိုးကို ယူကရိန်းဖက်က ကမ်းလှမ်းလိုကြောင်း၊ ပူတင်နဲ့ တွေ့ဆုံဖို့ သူ့ဖက်က ကမ်းလှမ်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ဒါဟာ ပူတင်ကို လူချင်းတွေ့ဖို့ ဇီလန်စကီးဖက်က စကားကမ်းလှမ်းတာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်အကြိမ်တွေလိုပဲ ကရင်မလင် နန်းတော်ဖက်က တုံ့ပြန်ရာမှာတော့ မော်စကိုမှာ တွေ့ဆုံဖြစ်မယ်ဆိုရင် ဇီလန်စကီးကို ရုရှားဖက်ကလည်း ကြိုဆိုမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ရုရှားအစိုးရဟာ အရင်က မှတ်ချက်ပေးခဲ့ရာမှာတော့ ပူတင်နဲ့ ဇီလန်စကီးတို့ တွေ့ဖြစ်ကြတယ် ဆိုတာမျိုးက စစ်ပြေငြိမ်းရေးအတွက် တရားဝင် သဘောတူ လက်မှတ်ရေးထိုးတဲ့ ကိစ္စမျိုး အတွက်သာ ဖြစ်သင့်တယ်လို့လည်း သဘောထား ထုတ်ပြန်ဖူးပါတယ်။

အခုစာထဲမှာ ထူးခြားမှု တစ်ခုအနေနဲ့ အမေရိကန်ဟာ ယူကရိန်းစစ်ပွဲ ကိစ္စအစား အီရန်စစ်ပွဲကို အပြည့်အဝ အာရုံစိုက်နေပြီဆိုတဲ့ သဘောတရားကို ဇီလန်စကီးက အတိအလင်း ထည့်ရေးထားတာ ဖြစ်ပါတယ်။

ရုရှားရဲ့ စိန့်ပီတာစဘာ့ဂ်မြို့မှာ နိုင်ငံခြားသား သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ပူတင်က သူလည်း ယူကရိန်းနဲ့ သဘောတူညီမှုတစ်ခု ရရှိဖို့ လိုလားကြောင်း၊ ဒါပေမဲ့ အဲဒီအတွက် ကျိန်းသေပေါက် ညှိရမှာတွေတော့ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

လောလောဆယ် ထရမ့်တစ်ယောက် အီရန်ကိစ္စနဲ့ အလုပ်များနေတဲ့အတွက် သူ့အစား ဥရောပ သမဂ္ဂ (EU)ဟာ ယူကရိန်းကို ပိုင်နက်နယ်မြေတွေ လက်လွှတ် အဆုံးရှုံးခံပြီး ရုရှားကို ညှိနှိုင်းဖို့ တိုက်တွန်းသင့်ကြောင်းလည်း ပူတင်က ဆိုပါတယ်။

ယူကရိန်း အစိုးရကတော့ စစ်ပြေငြိမ်းရေးအတွက် နယ်မြေတွေ လက်လွှတ်ပေးဖို့ကို ငြင်းဆိုထားပြီး အဲဒီလို လိုက်လျောမှုမျိုးက ရုရှားကို နောက်တစ်ကြိမ် ကျူးကျော်စစ် ဆင်နွှဲဖို့ အတင့်ရဲလာစေနိုင်ကြောင်း တုံ့ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။