ဇွန် -၁၃ ၊၂၀၂၆။မိုမို/People’s Spring
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် စစ်ရေးသတိပေးချက်တွေကို ကော့သောင်းခရိုင်တပ်ရင်း (၁)က ဒီကနေ့ (ဇွန်လ ၁၃ရက်)မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာ၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောင်စု လမ်းမကြီးတလျှောက်က နယ်မြေတွေမှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်ပြန်လှန်ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား အချိန်မရွေးထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလာနိုင်တာကြောင့်လည်း လေညာ-ပြည်ကြီးမဏ္ဍိုင်၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောက်စုလမ်းမကြီး တလျောက်မှာရှိနေတဲ့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ တိုက်တွန်းပါတယ်။

Public Service Announcement
ဒါ့ကြောင့် စစ်ကောင်စီတပ်တွေနား အနီးကပ်ရှိမနေဖို့၊ မသွားလာဖို့အပါအ၀င် ခြံပိုင်ရှင်တွေနဲ့ ပြောင်းရွှေ့နေထိုင်ဖို့သတိပေးထားတဲ့ ပြည်သူတွေအနေနဲ့ ရွှေ့ခိုင်းထားတဲ့နေရာတွေမှာ နေထိုင်ပေးကြဖို့ ကော့သောင်းခရိုင်တပ်ရင်း(၁)က အသိပေးပါတယ်။
“လေညာဘက်မှာက စစ်တပ်ရဲ့ခမရ (၅၆၀) ရှိတယ်။နောက်ပြီး စခန်းတွေကလည်း လေးခုလောက်ရှိတယ်။ဒီနှစ် ထဲမှာလည်း သူတို့ဘက်က အင်အားဖြည့်ထားတာရှိတယ်”လို့ ဘုတ်ပြင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်တောင်ဘက်ခြမ်းက စစ်တပ်အခြေစိုက် ရွှေဂဲညိုပြည်သူ့စစ်ရွာစခန်းကို တော်လှန်ရေးအဖွဲ့တွေက မနှစ်က ၂၀၂၅မှာ သိမ်းပိုက်ခဲ့တာရှိပါတယ်။
အဲဒီစခန်းတိုက်ခိုက်မှုမှာ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး ၄၀ မမ အပါအဝင် သေနတ် ၁၁ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။
ဘုတ်ပြင်းမြို့နယ်မှာ အမှတ် (၂၂၄)ခြေလျင်တပ်ရင်း နဲ့ အမှတ် (၅၆၀) ၊(၅၅၉) ခြေမြန်တပ်ရင်းတွေရှိတယ်လို့ စစ်ဘက်ဆိုင်ရာအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။


















































