ဇွန်-၁၃၊၂၀၂၆။သတိုး/People’s Spring
လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
“စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။” လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားပါတယ်။
အဲဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ၊ အဓမ္မစစ်မှူထမ်းဥပဒေ ချက်ချင်းဖျက်ဖို့နဲ့ ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံ ပုဂ္ဂိုလ်စတဲ့ အချက်တွေကို ပြောချင်တာဖြစ်တယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။

Public Service Announcement
လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေ အနေနဲ့ ကိုယ်နေထိုင်တဲ့ ဒေသရဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်မယ့် ပန်းတစ်မျိုးကို ဘုရားတင်ခြင်း ၊ ပန်ဆင်ခြင်း ၊ အချင်းချင်းမျှဝေခြင်း ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခြင်း နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” “ဟေ့ . . . စစ်အာ ဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြည်သူတွေရဲ့ ညီညွှတ်မှုကို နှင်းဆီလှုပ်ရှားမှုမှာ ပြသဖို့ သပိတ်အင်အားစုတွေက နှိုးဆော်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေတိုင်းမှာ မွေးနေ့ရှင်ကို ပြည်သူတွေက နှင်းဆီပန်းနဲ့ ကိုယ်စားပြုပြီး ဆုတောင်းပေးတာတွေကို နှစ်စဉ်တိုင်းပြုလုပ်လေ့ရှိပါတယ်။
ဒါကြောင့် စစ်တပ်က အဲဒီလိုနေ့တွေဆိုရင် ဈေးတွေမှာ ပန်းရောင်းဖို့ ကန့်သတ်တာတွေ ပန်းဝယ်သူတွေကို ဖမ်းဆီး စစ်ဆေးတဲ့ ဖြစ်စဉ်တွေရှ်ိခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် သားဖြစ်သူ ကင်မ်ဦးဆောင်ကာ မိခင်ဖြစ်သူ အသက်ရှင်နေသေးကြောင်း သက်သေပြခိုင်းတဲ့ Global Proof Of Life Challenge အနေနဲ့ 81 for 81 ကမ်ပိန်းကိုလည်း ပြုလုပ်နေပြီး ၈၁ နဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်ကာပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။


















































