Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းအပြီး မင်းအောင်လှိုင် တရုတ်ကို ၃ကြိမ်မြောက်သွားမယ်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

(၂၀၂၅ ခရီးစဥ်မှာ သမ္မတရှီကျင့်ဖျင်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံစဥ်။ ဓာတ်ပုံ - fmprc)

ဇွန်-၁၃၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးမှာ ကြားဝင်မစွက်ဖက်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခဲ့သလို အခုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်ခရီးစဥ် ဖိတ်ကြားခဲ့တာပါ။

စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ကနေ သမ္မတရာထူးယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူအပြီး ဒုတိယမြောက်ပြည်ပခရီးစဥ်ဖြစ်လာခဲ့ပြီး ဇွန်လ ၁၅ရက်ကနေ ၁၉ အထိ သွားရောက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ကတော့ မင်းအောင်လှိုင်ဟာ တရုတ်ခရီးစဥ်အတွင်း ရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်တာအပြင် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးပိုမိုအားကောင်းလာစေရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းစစ်တပ်ကို ထောက်ပံ့ဖို့ ရွေးချယ်လိုက်ပြီး ဒီခရီးစဥ်အတွင်းမှာလည်း သဘောတူညီချက်အချို့ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်းတကြောလုံးနီးပါးကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားတာကြောင့် စစ်တပ်ဘက်က တောင်းဆိုမှုတချို့ ရှိလာနိုင်ပြီး အဲဒီအရေးနဲ့ပတ်သက်လို့ အလုံးစုံ ညှိနှိုင်းလို့ ရ၊မရဆိုတာ မသိရသေးကြောင်း နိုင်ငံရေးအကဲခတ်က ဆိုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ရဲ့သမ္မတရာထူးနဲ့ တရုတ်နိုင်ငံကို ပထမဆုံးပြည်ပခရီးစဥ်သွားရောက်ဖို့ စီစဥ်ခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ညှိနှိုင်းမှု အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ သံတမန်ရေးစောင့်ကြည့်သူတချို့က ပြောပါတယ်။ အဲဒါကြောင့် သမ္မတအမည်ခံ မင်းအောင်လှိုင်ရဲ့ ပထမဆုံးပြည်ပခရီးစဥ်ဟာ အိန္ဒိယဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်မှာ လိုက်ပါခဲ့တဲ့ စစ်တပ်ရဲ့နိုင်ငံခြားရေးဝန်ကြီးဟာ နယူးဒေလီက အပြန်မှာပဲ ချက်ချင်း ဘေဂျင်းကို သွားရောက်ခဲ့ရပါတယ်။ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘေဂျင်းခရီးစဥ််က တရုတ်ရဲ့ဖိအားပေးမှုကြောင့် သဘောတူညီချက်အချို့ စစ်တပ်ဘက်က သဘောတူပေးလိုက်ရတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

တရုတ်က မြန်မာနိုင်ငံရှိ သူ့ရဲ့ BRI(Belt and Road Initiative)စီမံကိန်းတွေကို အမြန်ဆုံးပြန်လည်စတင်လိုနေပြီး ဒီခရီးစဥ်မှာ BRI စီမံကိန်းတွေနဲ့ပတ်သက်လို့ ဘယ်လိုသဘောတူညီချက်တွေ ရရှိမလဲဆိုတာ စောင့်ကြည့်ဖို့လိုကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ BRI စီမံကိန်းတွေရှိတဲ့နယ်မြေအများအပြားကို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့က စိုးမိုးထိန်းချုပ်ထားပြီး စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်အပြည့်အဝရှိမနေဘူးလို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်တပ်ကတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ မျှော်လင့်နေပြီး အခုထိ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှု မရှိသေးဘူးလို့ အကဲခတ်တချို့က မှတ်ချက်ပြုပါတယ်။ ဒါ့အပြင်ဟာ အာဏာသိမ်းစစ်တပ်ဟာ ရက် ၁၀၀ စီမံချက်ဆိုပြီး ရှမ်းပြည်မြောက်ပိုင်းကတဆင့် ဝင်ရောက်လာတဲ့ တရုတ်ကုန်ပစ္စည်းတွေကို တင်းကြပ်ဖမ်းဆီးနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကိစ္စကိုလည်း မင်းအောင်လှိုင်ရဲ့ဒီခရီးစဥ်မှာ ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်ခဲ့သလို ၂၀၂၅ သြဂုတ်လကုန်ပိုင်းမှာ ဘေဂျင်းကို ထပ်မံသွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ဘေဂျင်းခရီးစဥ်မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)စီမံကိန်းအောက်က BRI စီမံကိန်းတွေကိုအကောင်အထည်ဖော်ဖို့နဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။