ဇွန်-၁၅၊၂၀၂၆။People’s Spring
မဲခေါင်ခရီးသွားဖိုရမ် ၂၀၂၆ (Mekong Tourism Forum 2026)ကိုမြန်မာနိုင်ငံမှာကျင်းပဖို့ ရည်ရွယ်ထားတာနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ် စဉ်းစားပေးဖို့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ထောက်ခံအားပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း၈၇ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ ပြုလုပ်မယ့် ဖိုရမ်နဲ့ ပတ်သက်ပြီး အခမ်းအနား စီစဉ်သူတွေက ပြန်လည် စဉ်းစားပေးဖို့အတွက် အဲဒီအဖွဲ့အစည်းတွေကဇွန်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။
ဖိုရမ်ကို အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပမှာဖြစ်ပြီး မဟာမဲခေါင် ဆက်စပ်ရပ်ဝန်း ဒေသတွင်း နိုင်ငံတွေရဲ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းတွေလည်း တက်ရောက်ကြဖို့ စီစဉ်ထားပါတယ်။

Public Service Announcement
ဖိုရမ်ကိုမြန်မာနိုင်ငံမှာကျင်းပမယ့်ကိစ္စအပေါ် ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း စစ်တပ်ဟာအရပ်သားတွေကိုတိုက်ခိုက်တာ၊ မတရားဖမ်းဆီးထိန်းသိမ်းတာ၊ လူနေဧရိယာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အကြောင်း ထောက်ပြခဲ့ကြပါတယ်။
ဒါ့အပြင်စစ်တပ်ဟာအကျပ်အတည်းတွေပိုဆိုးလာအောင် မီးစာဖြည့်ပေးနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမို ကျူးလွန်လာနေချိန်မှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိအောင်လည်း အရှိန်မြှင့် ကြိုးစားလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခရီးသွားလုပ်ငန်း ဆိုတာဟာ စီးပွားရေးကိစ္စ သီးသန့်မဟုတ်ဘဲ နိုင်ငံရဲ့ပုံရိပ်၊အများပြည်သူ ဆက်ဆံရေးနဲ့ နိုင်ငံတကာပူးပေါင်းဆက်ဆံရေးတွေကို ပုံဖော်ပေးတဲ့ အရေးပါတဲ့ကဏ္ဍတစ်ခုလည်း ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပါတယ်။
ဒီတော့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာအခမ်းအနားတစ်ခုချင်းစီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်အင်မတန်နာမည်ဆိုးနေတဲ့ အစုအဖွဲ့မျိုးရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပုံမှန် အခြေအနေအဖြစ် အသိအမှတ်ပြုတာ၊ တရားဝင် လက်ခံပေးလိုက်တာမျိုး အဓိပ္ပါယ် ဖြစ်သွားနိုင်တယ်လို့ အဲဒီအဖွဲ့တွေကသတိပေးခဲ့ပါတယ်။
ဒါကြောင့်လည်းဖိုရမ်ကိုဦးဆောင်ကျင်းပမယ့် မဲခေါင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးရုံး (MTCO)နဲ့ မဟာမဲခေါင်ရပ်ဝန်း ဆက်စပ်နိုင်ငံတွေအနေနဲ့ အာဏာသိမ်း စစ်တပ်ကို တရားဝင်မှု ပြသတဲ့ အဓိပ္ပါယ် ဖြစ်သွားနိုင်တဲ့ အိမ်ရှင်နိုင်ငံ ရွေးချယ်မှုကို ပြန်သုံးသပ်ပေးဖို့ ပူးတွဲကြေညာချက်မှာ အလေးအနက် တောင်းဆိုထားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲဒေသတွင်းအစိုးရဆိုင်ရာ ခရီးသွားအဖွဲ့အစည်းတွေ၊ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့တွေ၊အလှူရှင်အဖွဲ့အစည်းတွေ၊ပုဂ္ဂလိကကဏ္ဍနဲ့ ကျွမ်းကျင်သူတွေကိုလည်း ဒီဖိုရမ်မှာ ပါဝင်တာ၊ အကူအညီပေးတာ၊ ထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တာဝန်ခံမှုနဲ့ ဥပဒေစိုးမိုးရေးအတွက် ထားရှိတဲ့ ကတိကဝတ်တွေကိုဆက်လက် ထိန်းသိမ်းပြီးစစ်တပ်ကိုတရားဝင်မှု ပေးလိုက်သလို ဖြစ်သွားနိုင်တဲ့ အပြုအမူအားလုံးကနေရှောင်ရှားဖို့ အဲဒီအဖွဲ့အစည်း ၈၇ ခု တိုက်တွန်းခဲ့ပါတယ်။
တိုင်းရင်းသား လူမှုရေးရာ အဖွဲ့တွေ၊ နိုင်ငံတကာ တက်ကြွလှုပ်ရှားမှုအင်အားစုတွေ အပါအဝင် အဖွဲ့အစည်း ၅၆ ခုက အခုကြေညာချက်ကိုပူးတွဲထုတ်ပြန်ခဲ့ပြီးတခြားအဖွဲ့အစည်း ၃၁ ခုကတော့ လုံခြုံရေးကြောင့် နာမည် ဖော်ပြမထားခဲ့ပါဘူး။


















































