အောက်တိုဘာ-၃၀၊၂၀၂၆။ People’s Spring
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စစ်ကယ်ရီကာရီက ဖိနှိပ်သူ(မြန်မာစစ်တပ်)ဘက်မှာ မရပ်တည်ဘဲ နစ်နာသူ(မြန်မာပြည်သူတွေ)ဘက်က ရပ်တည်ပေးဖို့ဟာ သူ့တာဝန်ဖြစ်တယ်လို့ ကုလသမဂ္ဂမှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ အစည်းအဝေးတစ်ခုအတွင်းအဖွဲ့ဝင်နိုင်ငံအချို့က အထက်ပါကုလအထူးအစီရင်ခံစာတင်သွင်းသူရဲ့လုပ်ပိုင်ခွင့်နဲ့ အရည်အချင်းကို မေးခွန်းထုတ်မှုအပေါ် တုန့်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂဆီက လစာငွေကြေး ယူမထားသူ၊ လွတ်လပ်စွာရပ်တည်နေသူတစ်ဦးအနေနဲ့ ကြားနေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။
“ကျွန်မ ဘယ်တော့မှ ကြားနေ(neutral)တစ်ယောက်ပါလို့ ပြောမှာမဟုတ်ပါဘူး။ ဒက်စမွန်တူးတူး ပြောခဲ့သလိုပါပဲ။ ‘မတရားမှုတွေ ဖြစ်ပွားနေတဲ့အခြေအနေမှာ မင်းက ကြားနေ(neutral)တစ်ယောက်ဖြစ်တယ်ဆိုရင် မင်းက ဖိနှိပ်သူဘက် ရွေးချယ်ရပ်တည်လိုက်တာပါပဲ’။”လို့ ကုလအထူးအစီရင်ခံစာတင်သွင်းသူ မစ္စစ်ကယ်ရီကာရီက ကမ္ဘာ့ငြိမ်းချမ်ရေးဆုရှင်၊ တောင်အာဖရိကဓမ္မပညာရှင် ဒက်စမွန်တူးတူးရဲ့ ပြောစကားကို ကိုးကား ပြောဆိုပါတယ်။

Public Service Announcement
လူ့အခွင့်အရေးကောင်စီရဲ့အထူးလုပ်ပိုင်ခွင့်ရှိသူ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအပေါ် လုပ်ကိုင်ဆောင်ရွက်နေသူတဦးအနေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လာရင် ကြားမနေဖို့ သူ့မှာတာဝန်ရှိတယ်လို့လည်း မစ္စစ်ကယ်ရီကာရီက ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်ဆိုပြီး အသံအကျယ်ဆုံး ကန့်ကွက်နေတဲ့ ကုလအဖွဲ့ဝင်နိုင်ငံတချို့ဟာ လက်တွေ့မှာတော့ လက်ရှိ မြန်မာ့ပြည်တွင်းရေးကို အပြင်းအထန်ဆုံးနဲ့ အတက်ကြွဆုံး ဝင်ရောက်စွက်ဖက်နေတဲ့သူတွေဖြစ်တယ်လို့ ကုလအထူးအစီရင်ခံစာတင်သွင်းသူက တုန့်ပြန်ပါတယ်။
ငြိမ်းချမ်းရေးအကြောင်း အသံအကျယ်ဆုံး ပြောနေတဲ့သူတွေဟာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဆီကို လက်နက်တွေ ရောင်းချပေးနေတယ်လို့ ဆက်ပြောပါတယ်။ အဲဒီနိုင်ငံတချို့ကို ကုလအထူးအစီရင်ခံစာတင်သွင်းသူက အမည်တပ် ပြောဆိုခြင်းတော့ မရှိပါဘူး။
ဒါပေမဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့က သူတို့အပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုမှုအပေါ်မှာတော့ ကုလအထူးအစီရင်ခံစာတင်သွင်းသူက အခုလို တုန့်ပြန်ခဲ့ပါတယ်။
“ကျွန်မက သူတို့(တရုတ်)အပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ခဲ့တယ်လို့ ပြောသွားတဲ့အတွက် မင်းအောင်လှိုင်ရဲ့အာဏာသိမ်းစစ်တပ်ဆီ လက်နက်တွေ မရောင်းချပါဘူး၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ထောက်ပံ့မှုတွေ မပေးပါဘူးဆိုပြီး ငြင်းဆိုချေပနိုင်မယ့် နောက်ထပ်အချက်အလက်အထောက်အထားတွေကို ကျေးဇူးပြုပြီး ပေးပို့ပေးပါ”လို့ မစ္စစ်ကယ်ရီကာရီက တရုတ်ကိုယ်စားလှယ်အဖွဲ့ကို မေတ္တာရပ်ခံခဲ့ပါတယ်။
ကုလအထူအစီရင်ခံစာတင်သွင်းသူဟာ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ပြီးခဲ့တဲ့ အစီရင်ခံစာ မထုတ်ပြန်ခင်မှာ တရုတ်၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကို နောက်ထပ် အချက်အလက်တွေ တင်ပြနိုင်ဖို့အတွက် ၅ ရက် အချိန်ပေးခဲ့ပေမယ့် အဲဒီနိုင်ငံတွေဘက်က ဘာမှ ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိဘူးလို့ ကုလအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ကုလရဲ့ တတိယကော်မတီအစည်းအဝေးမှာအထူးအစီရင်ခံစာတင်သွင်းသူက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးယူအပြီး ပထမ ရက် ၁၀၀ အတွင်း မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေအပြင် မီးရှို့ဖျက်ဆီးမှုတွေကို ပိုပြီး အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။
အဲဒီရက် ၁၀၀ အတွင်းမှာပဲ မင်းအောင်လှိုင်ရဲဲ့စစ်ကောင်စီဟာ သူနဲ့သဘောကွဲလွဲသူတွေကို ဖိနှိပ်ပိတ်ပင်ဖို့အတွက်တရုတ်နဲ့ ရုရှားစတဲ့ မဟာမိတ်တွေဆီက ရရှိတဲ့ အတင်းအဓမ္မ ဖိအားပေးနည်းပညာတွေ၊စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာအသစ်တွေကို အသုံးချခဲ့တယ်လို့ ကုလအထူးအစီရင်ခံစာတင်သွင်းသူက ပြောခဲ့ပါတယ်။ ကုလအထူးအစီခံစာတင်သွင်းသူရဲ့ အဲဒီပြောကြားချက်ကို တရုတ်ကိုယ်စားလှယ်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ ငြင်းဆိုပယ်ချခဲ့ပါတယ်။
ကုလအထူးအစီရင်ခံစာတင်သွင်းသူကတော့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အစိုးရကို တရားဝင်မှု ပေးနေတဲ့ သိက္ခာမဲ့ထိတွေ့ဆက်ဆံရေးမဟာဗျူဟာတွေဟာ အဲဒီလိုထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတွေ လိုချင်တဲ့ရလဒ်တွေ ထွက်လာမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
မင်းအောင်လှိုင်နဲ့ သူ့အစိုးရဟာ မြန်မာနိုင်ငံမှာ အရပ်သားတွေ သေဆုံးမှု၊ မတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှုနဲ့ ဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေ တွေ့ကြုံခံစားရခြင်းတွေရဲ့ အကြီးမားဆုံးအကြောင်း
ရင်းခံအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ကုလအထူးအစီရင်ခံစာတင်သွင်းသူ မစ္စစ်ကယ်ရီကာရီက အထက်ပါကုလအစည်းအဝေးမှာ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။




















































