ဇွန်-၂၆၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။
စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်မှာ လေကြောင်းအန္တရာယ် စိုးရိမ်ရတာကြောင့် ကျောင်းတွေ မဖွင့်နိုင်ဘဲ ကျောင်းမတက်ရတဲ့ ကလေးငယ် ရှစ်ထောင်ဝန်းကျင်ထိ ရှိနေတယ်လို့ ဒေသခံလူမှုကူညီရေးလုပ်နေသူတွေက ပြောကြပါတယ်။
“စကမ(စစ်တပ်)က နေရာတိုင်းကို ဆူဆိုက်ဒရုန်းတွေ၊ ဂျက်ဖိုက်တာတွေနဲ့ တရက်မပြတ်ကြဲနေတော့ လူတွေကလည်း ကြောက်ကြတယ်လေ။ ဒီကောင်တွေကလည်း ကြဲရင် စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ကိုပဲ ကြဲတော့ တလုံးကျလာရင် မလွယ်ဘူး။ အဲဒါကြောင့် ကျောင်းတွေ မဖွင့်နိုင်သေးတာ။ ကလေးတွေ ကျောင်းမတက်ရဘူး”လို့ ကျောက်ဖြူမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူလူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement






ဒါ့အပြင် AA ထိန်းချုပ်ထားတဲ့ အခြားမြို့နယ်တွေမှာလည်း လေကြောင်းအန္တရာယ်ကြောင့် ကျောင်းပုံမှန်မဖွင့်နိုင်တဲ့ ကျေးရွာအချို့ရှိပြီး တချို့မိဘတွေကတော့ စားဝတ်နေရေးကြပ်တည်းခက်ခဲတဲ့အတွက် ကလေးတွေကို ကျောင်းထုတ်ထားကြရတယ်လို့ ဆိုပါတယ်။
အဲဒီလို ငွေကြေးအခက်အခဲကြောင့် အခြေခံပညာအဆင့်အတန်းတွေပင် မပြီးဘဲ ကျောင်းထွက်ရသူဟာ သောင်းချီ ရှိနိုင်တယ်လို့ AA လက်အောက်ခံပညာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ခန့်မှန်းပြောပါတယ်။
“ကျောင်းထွက်နှုန်းက တော်တော်များတယ်။ စာရင်းအတိအကျတော့ ကောက်ထားတာမရှိဘူး။ ဒါပေမဲ့ လေး၊ ငါးသောင်းဝန်းကျင်ကတော့ ရှိမယ်။ တချို့ဆို စစ်ရှောင်နေတော့ ကျောင်းထုတ်လိုက်တယ်။ တချို့ဆို ကျောင်းစာ အုပ်ဖိုး မတတ်နိုင်ဘူး။ ကိုယ့်အစိုးရကလည်း အခမဲ့ပညာရေးမလုပ်ပေးနိုင်သေးဘူးလေ”လို့ အထက်ပါဝန်ထမ်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ကျောင်းသုံးပုံနှိပ်စာအုပ်တွေဟာ ကျပ်သုံးသောင်းကနေ တသိန်းကျော်ထိ စျေးရှိနေပြီး ဗလာစာအုပ်ဟာလည်း တဒါဇင်ကို ကျပ်သုံးသောင်းဝန်းကျင်ထိ စျေးရှိနေပါတယ်။ ဒါ့အပြင် AA ပညာရေးဌာန လက်အောက်ခံ သင်ကြားရေးဆရာ၊ ဆရာမ အလုံအလောက်မရှိတာကြောင့် တချို့ရွာတွေမှာ ပြင်ပက ဆယ်တန်းအောင်လူငယ်တွေကို ငှားရမ်းသင်ကြားနေကြရတာကြောင့် ကုန်ကျစရိတ်လည်း များနေတာဖြစ်ပါတယ်။
“သားသမီးသုံးယောက်ရှိတာမှာ ခုနှစ်တန်းတယောက်နဲ့ ငါးတန်းတယောက်ကို ထုတ်လိုက်ရတယ်။ သူ့အောက်မှာ သုံးတန်းတယောက် ရှိတယ်လေ။ ကိုယ့်သားသမီးကိုယ် ဘယ်မိဘက ကျောင်းထုတ်ချင်ပါ့မလဲ။ ဒါပေမဲ့ စားဖို့က အရေးကြီးတယ်မဟုတ်လား။ အကုန်လုံး စျေးကြီးနေတော့ စားဖို့တောင် အနိုင်နိုင်ပါ”လို့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီလိုမိဘတွေ စားဝတ်နေရေးကြပ်တည်းတာကြောင့် ကျောင်းထွက်ရတဲ့ ကလေးငယ်များနေတဲ့အခြေအနေမှာ အခမဲ့ပညာသင်ကြားပေးနေတဲ့ အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေ ရှိနေပေမယ့် အဲဒီအဖွဲ့တွေမှာလည်း ရန်ပုံငွေအခက်အခဲရှိနေတယ်လို့ ပြောကြပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက လင်းရောင်ခြည်ဖောင်ဒေးရှင်းဟာ ရခိုင်ပြည်တွင်း တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက အခက်အခဲရှိတဲ့ကလေးတွေကို အခမဲ့ပညာသင်ကြားပေးနေခဲ့ပြီး အခုနှစ်မှာလည်း ကျောင်းသားနှစ်ထောင်ဝန်းကျင်ကို အခမဲ့ပညာသင်ကြားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“ကလေးတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေမှာလည်း အခက်အခဲတွေဆိုတော့ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးရတာရှိတယ်။ အဲဒီမှာလည်း ငွေကြေးမလောက်ငှခဲ့တာတွေ အများကြီး။ ပြီးရင် သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေအားလုံးက volunteer ဆရာ၊ ဆရာမတွေပါ။ သူတို့ကိုလည်း တခါတရံ လမ်းစရိတ်တောင် မထောက်ပံ့ပေးနိုင်တာတွေ ရှိတယ်”လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူလူငယ်တစ်ဦးက ပြောပါတယ်။
အခုနှစ်မှာတော့ ကျောင်သားတွေ ပညာသင်ကြားပေးနိုင်ဖို့ “ပညာကိုချစ် ပြည်တော်သစ်” ဆိုပြီးတော့ သိန်း ၂၅၀၀ ကမ်ပိန်းတစ်ခုကို လုပ်နေတာရှိပြီး တစ်နှစ်တာလုံး ပညာသင်နိုင်လောက်တဲ့ပမာဏ လုံလုံလောက်လောက် မရသေးဘူးလို့ ဆိုပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို တခုပြီးတခု စတင်သိမ်းပိုက်လာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် အပြည့်အ၀ ဝန်ဆောင်မှုပေးနိုင်တာတော့ မရှိသေးပါဘူး။
AA ထိန်းချုပ်နယ်မြေတွေမှာ ပညာရေးဝန်ထမ်းအင်အား သုံးသောင်းဝန်းကျင် လိုအပ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝန်ထမ်းအင်အား နှစ်သောင်းနီးပါးနဲ့သာ မလုံမလောက် သင်ကြားခဲ့ကြရတယ်လို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ပညာရေးအပြင် တက္ကသိုလ်အဆင့် အဝေးသင်နဲ့ Day(နေ့) တွေကိုလည်း ဖွင့်လှစ်ထားပြီး တခြား သူနာပြု၊ သားဖွား၊ ဆေးသိပ္ပံစတဲ့ အဆင့်မြင့်ပညာကျောင်းတွေကိုပါ AAက ဖွင့်လှစ်သင်ကြားပေးနေပါတယ်။


















































