ဇွန်-၃၀၊၂၀၂၆။ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပြီး လတ်တလော စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေကို ဝင်ရောက်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။
အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အခု ဇွန်လနောက်ဆုံးပတ်မှာ အင်အားစုဖွဲ့မှုတွေ ပြုလုပ်ပြီး NMSPန ယ်မြေကတဆင့် မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့ကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ သတင်းတွေအပေါ် အခုလို ရှင်းပြတာဖြစ်ပါတယ်။
“ဘုရားသုံးဆူလာဖို့ သတင်းအစအနတွေထွက်နေတာပေါ့။ဒါပေမဲ့ ကျနော်အထင် မွန်ပြည်သစ်ကို သွေးထိုးစမ်းတဲ့ သဘောပေါ့ဗျာ။ မွန်ပြည်သစ် ဂွင်ထဲ ဝင်လာရင်တော့ မွန်ပြည်သစ်က ခွင့်ပြုမလား ပေါ့ အဲဒါမျိုးသူတို့ စမ်းကြည့်တာထင်တယ်။ဘာတွေ ကြားထားလဲဆိုတော့ မွန်ပြည်သစ်က ပေးဝင်ဖို့တော့ရှိတယ်။ ဒါပေမဲ့ သူတို့ ဝင်လာရဲမလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘုရားသုံးဆူရောက်ဖို့ က လမ်းခရီးက အဝေးကြီး။ နောက်ပြီးတော့ တောင်ပေါ် တကယ့်တောင်အကြီးကြီးတက်ရမှာ။ နောက်ပြီးတော့ ဒီလမ်းကြောတလျှောက်က KNU ရှိတယ် မွန်ပြည်သစ် AD လည်းရှိတယ် နောက်ပြီး MSRF ဆိုတဲ့ မွန်တဖွဲ့လည်းရှိသေးတယ်။ နောက်ပြီးတော့ ရေးဘီလူးလည်းရှိသေးတယ်။” လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လက်ရှိ ဘုရားသုံးဆူမြို့အုပ်ချုပ်ရေးပါဝင်ဆောင်ရွက်နေတဲ့ DKBAကလည်း သူ့နယ်မြေထဲစစ်တပ်စစ်ကြောင်းတွေဝင်မလာဖို့ တော်လှန်ရေးတပ်တွေကို ပံ့ပိုးပေးတာမျိုး လုပ်ဆောင်နိုင်တယ်လို့လည်းအထက်ပါရင်းမြစ်က သုံးသပ်ပါတယ်။
“ခဏဝင်ပြီး ပြန်သွားမယ် ပြန်လှည့်မယ် အဲဒီလောက် လုပ်ကောင်းလုပ်မယ်။ ဘုရားသုံးဆူအထိ လာမယ်ဆိုတဲ့ လမ်းခရီးက မလွယ်ဘူး ဒီလမ်းခရီးက” လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခု ဇွန်လအတွင်းမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ရေးချောင်းဖျားဒေသက စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်တာ၊ ရေးမြို့နယ်အတွင်းက မွန်ပြည်သစ်ပါတီ ကင်းစခန်းတခုကို စီးနင်းပြီး ရဲဘော်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မွန်ဒေသသတင်းဌာနအချို့ရဲ့ ဖော်ပြချက်မှာ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိမှာ ခလရ ၁၀၆ က အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ဇွန်လ ၂၆ ရက်မှာ ဝယ်ဇင်ကျေးရွာအနီးကို ရောက်ရှိနေသလို အမတ ၃၁၆ က အင်အား ၇၀ လောက်ပါ စစ်ကြောင်းကဟာ ကလော့လေး၊ ကလောကြီးလမ်းကြောင်းကနေ ဝယ်ဇင်ကျေးရွာဆီသို့လည်းကောင်း၊ နောက်ထပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကကလည်း ဇွန်လ ၂၈ ရက်မှာ ကမ်းနီကျေးရွာတဝိုက်ကို ဦးတည်လာနေ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းထိုးလာရာလမ်းတလျှောက်နဲ့ ဝယ်ဇင်၊ ကမ်းနီကျေးရွာတွေအနီးထိ စစ်ကြောင်းတွေ ရောက်လာနေပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးပေမယ့် ရှေ့ဆက်တိုးလာရင် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေကို ကိုးကားပြီး လဂွန်းအိမ်စာစဥ်က ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရေးမြို့နယ် ကျုံလောင်းရွာဟောင်း၊ ဝယ်ဇင်၊ ဝယ်ပေါင်၊ ကျောက်မိချောင်း စတဲ့ ကျေးရွာကဒေသခံ ၂၀၀၀ ကျော်တို့ဟာ ဘေးလွတ်ရာလို့ ယူဆရတဲ့ နီးစပ်ရာ ကျေးရွာတွေနဲ့ ဥယျာဥ်ခြံတွေဆီ တိမ်းရှောင်နေကြတယ်လို့လည်း အသိပေးထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ စစ်တပ်ကို တိုက်ခိုက်ခြင်းမရှိပေမဲ့ အဖွဲ့တွင်း စစ်ကောင်စီတပ်ကို စစ်ရေးအရ တော်လှန်မယ့် ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့တွေက မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး အမည်နဲ့ ခွဲထွက်ကာ စစ်တပ်ကို တော်လှန်တိုက်ခိုက်လျက်ရှိပါတယ်။


















































