ဇူလိုင် ၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခပါာတွေတင်ဆောင်လာတဲ့ စစ်ရေယာဥ်တွေ ကနီမြို့နယ်အတွင်း ရောက်ရှိနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ကာ ဆက်လက်ဆန်တက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေပိုင်းက မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကို ရောက်ရှိခဲ့တဲ့ စစ်သင်္ဘောတွေအနက် စစ်အင်အားတွေ၊ ဒရုန်းနဲ့ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေပါတဲ့ ဖလက်သံခွန် သင်္ဘော(၂၆)စီးနဲ့တိုက်ခိုက်ရေး စစ်သင်္ဘော (၂) စီးတို့ဟာ ဒီကနေ့ ဇူလိုင် ၆ ရက်မနက်ပိုင်းမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်လာပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ကနီသတင်းနဲ့ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“အထက်ဟုမ္မလင်းအထိ တက်လောက်တယ်”လို့ အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
စစ်သင်္ဘောတွေဟာ ၎င်းတို့တိုက်ခိုက်ခံရမှာစိုးလို့ မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်မှုတွေရှိတာကြောင့် ကနီနဲ့ ဆားလင်းကြီးနယ်၊ မြစ်ဘေးကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“အရင်တုန်းကတော့ အဲ့မှာပါတဲ့ ပစ္စည်းတွေကို ကနီမြို့ မင်းကင်းမြို့ ကလေးဝ အဲ့ထက်က မြို့တွေဆီ ချပေးတယ်။ အဲ့အထက်ပိုင်းကနေ ကျောက်စိမ်းတို့ဘာတို့ ပြန်သယ်ယူတာ။”လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ဟာ ချင်းတွင်းမြစ်ရေကြီးချိန် ရေကြောင်းကနေ လက်နက်၊ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သယ်ယူပို့ဆောင်လေ့ရှိပြီး အဲဒီလိုသယ်ဆောင်ချိန် မြစ်ကမ်းဘေးကျေးရွာတွေကို စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခက်တာ ၊ ပါရာမော်တာ ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးသီးချတာတွေ ပြုလုပ်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အသိပေးထားပါတယ်။

















































