အောက်တိုဘာ -၂၆၊၂၀၂၆။မိုမို /People’s Spring
စစ်တပ်နဲ့နီးစပ်တဲ့ကုမ္ပဏီတွေက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ်ပုံမှားရိုက် တင်သွင်းနေတယ်လို့ Justice For Myanmar(JFM)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ မြန်မာစစ်အုပ်စုက လေယာဉ်ဆီတင်သွင်းမှုတွေဖုံးကွယ်ဖို့ ကုန်သွယ်မှုဆိုင်ရာ လိမ်လည်မှုတွေ အသုံးပြုခဲ့တာလို့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ငွေကြေးစီးဆင်းမှုတွေကို ဖော်ထုတ်နေတဲ့ တက်ကြွလှုပ်ရှားသူများအဖွဲ့ JFM ရဲ့ စုံစမ်းစစ်ဆေးမှုအသစ်က ဆိုပါတယ်။
စုံစမ်းဖော်ထုတ်မှုအရ ၂၀၂၄ ဒီဇင်ဘာကနေ ၂၀၂၅ နိုဝင်ဘာအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၉.၅ သန်းတန်ဖိုးရှိ၊ စည်ပေါင်း ၈၄၃,၀၀၀ ကျော်ပါဝင်တဲ့ လောင်စာဆီတင်သွင်းမှု ၆ ကြိမ်ရဲ့ စာရွက်စာတမ်းတွေမှာ ကုန်သွယ်ရေးလိမ်လည်မှု ပုံစံတစ်ရပ်ကို စစ်ဆေးတွေ့ရှိခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement
အဲဒီအချိန်က စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲ မကျင်းပမီကာလနဲ့ တိုက်ဆိုင်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အရပ်သားတွေ သေဆုံးခဲ့ပြီး လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ JFM က ဖော်ပြပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၂၅အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုက အရင်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အနည်းဆုံး အရပ်သားပြည်သူ ၉၈၂ ဦး သေဆုံးခဲ့ပြီး ကလေး ၂၃၂ ဦး ပါဝင်ပါတယ်။
ကုန်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တွေ့ရှိချက်တွေအရ စစ်အုပ်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပေါက်ကြားလာတဲ့ အချက်အလက်တွေထဲက သွင်းကုန်ခွင့်ပြုမိန့်တွေ စစ်အုပ်စုရဲ့ နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီ (FESC) ထံက လျှို့ဝှက်စာတွေ၊ ကုမ္ပဏီစာချုပ်တွေ ၊ ငွေတောင်းခံလွှာတွေနဲ့ ကုမ္ပဏီမှတ်ပုံတင်မှတ်တမ်းတွေကို စိစစ်နိုင်ခဲ့တာလို့ အသိပေးပါတယ်။
စာရွက်စာတမ်းတွေမှာ ဖော်ပြထားတဲ့ တင်သွင်းသူတွေမှမြန်မာကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Dynamic Wave နဲ့ PP Petroleum တို့ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတင်သွင်းမှုရဲ့ နောက်ကွယ်မှာ အမှန်တကယ်ဝယ်ယူသူက National Energy Prime Aviation Services Company Limited (NEPAS) လို့ ဖော်ပြပါတယ်။
NEPAS ဟာ စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) နဲ့ ၎င်းရဲ့ပုဂ္ဂလိကမိတ်ဖက်ကုမ္ပဏီအုပ်စု Asia Sun group တို့အကြား ဖွဲ့စည်းထားတဲ့ဖက်စပ်ကုမ္ပဏီလို့ သိရပါတယ်။
Asia Sun group ကို Myan Oil လို့ လူသိများပြီး Shoon လို့လည်း သိကြပါတယ်။မြန်မာစစ်တပ်ထံ လေယာဉ်ဆီရောင်းချထောက်ပံ့ရာမှာ NEPAS နဲ့ MPE က အခန်းကဏ္ဍကို အထောက် အထားများစွာနဲ့ဖော်ထုတ်ထားပြီးဖြစ်ပေမယ့် အဲဒီလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာ မရှိသေးပါဘူး။
အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကလည်း Asia Sun အုပ်စုဝင် ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် အရေအတွက် အနည်းငယ်ကိုပဲ ဦးတည်ထားတာဖြစ်ပါတယ်။
Asia Sun group ဟာ MPE နဲ့ အတူ လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်ကို လွှမ်းမိုးထားတဲ့ ကုမ္ပဏီကွန်ရက်တစ်ခု ဖြစ်ပြီး ၎င်းတို့ရဲ့လုပ်ငန်းတွေ ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့ချိန် ၂၀၂၂ ခုနှစ်ကစပြီး ကုမ္ပဏီကွန်ရက်က တိုးချဲ့လုပ်ဆောင်လာခဲ့တာလို့ JFM က ကနဦး ဖော်ထုတ်ထားပါတယ်။
ပိတ်ဆို့အရေးယူမှုတွေနဲ့စောင့်ကြည့်စစ်ဆေးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကြားခံကုမ္ပဏီတွေနဲ့ အမည်ခံကုမ္ပဏီ (shell companies) အများအပြားကို တည်ထောင်ထားပါတယ်။ PP Petroleum ကုမ္ပဏီက Asia Sun အုပ်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
စာချုပ်တွေအရ လေယာဥ်ဆီရောင်းချသူတွေဟာ အရင်က ဖော်ထုတ်ခံထားရတဲ့ ထိုင်းကုမ္ပဏီ Tawan-Oil Trading နဲ့ UAE အခြေစိုက် NEC Trading တို့ ပါဝင်ပါတယ်။လောင်စာဆီရဲ့ မူရင်းနိုင်ငံကို တောင်အာဖရိကနဲ့ စင်ကာပူလို့ ဖော်ပြထားပါတယ်။
Tawan-Oil Trading နဲ့ NEC Trading တို့ကိုလည်း Asia Sun group ကပဲ ထိန်းချုပ်ထားတယ်လို့ Justice For Myanmar က သုံးသပ်ပါတယ်။
ဒါ့အပြင် အချက်အလက်ပေါက်ကြားမှုက ရရှိတဲ့စာရွက်စာတမ်းတွေ အရ ကုန်သွယ်ရေးလိမ်လည်မှုအစီအစဉ်ကို စစ်အုပ်စုရဲ့ထိပ်ပိုင်း အာဏာပိုင်အဖွဲ့အစည်းအဆင့်က ကြီးကြပ်ခဲ့တာလို့ ဆိုပါတယ်။
၂၀၂၅ နိုဝင်ဘာအတွင်း FESC က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ရပ်မှာ “လေယာဉ်ဆီ” အစား “ဒီဇယ်ဆီ (HSD)” ဟူတဲ့ ကုန်ပစ္စည်းဖော်ပြချက်နဲ့ NEPAS “ကိုယ်စား” Dynamic Wave အမည်နဲ့ သွင်းကုန်ခွင့်ပြုမိန့် ထုတ်ပေးဖို့ကော်မတီက အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ရဲ့ ထိပ်ပိုင်းစစ်အုပ်စုအဖွဲ့ဝင် ခြောက်ဦးထဲမှာ စစ်ထောက်ချုပ်ဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ ကျယ်ပြန့်လှတဲ့စီးပွားရေးအကျိုးစီးပွားတွေကို ကြီးကြပ်မှုမှာ အဓိကအခန်းကဏ္ဍက ပါ၀င်တဲ့ စစ်တပ် ဒုသမ္မတညိုစောက ဦးဆောင်နေတာဖြစ်ပါတယ်။
ညိုစောက နာမည်ဆိုးနဲ့ ကျော်ကြားလာပေမယ့် သူ့ကို အီးယူနဲ့ ကနေဒါတို့ကသာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ သွင်းကုန်ခွင့်ပြုမိန့်တွေ ထုတ်ပေးတဲ့ ဝန်ကြီးဌာနကို ဦးဆောင်နေတဲ့ စစ်အုပ်စုရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထွန်းအုံကိုမူဘယ်နိုင်ငံ၊အဖွဲ့အစည်းကမှ ဒဏ်ခတ်ပိတ်ဆို့ထားတာ မရှိသေးပါဘူး။
လေယာဉ်ဆီ ဆက်လက်ထောက်ပံ့နိုင်မှုတွေက စစ်အုပ်စုရဲ့ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတဲ့ လေကြောင်းအကြမ်းဖက်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်စေပြီး စစ်ဆင်ရေးအတွင်း စစ်အုပ်စုက အရပ်သားပြည်သူတွေကိုလုပ်ရိုးလုပ်စဉ်အတိုင်း သတ်ဖြတ်တာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ်တွေ တိုက်ခိုက်ဖျက်ဆီးတာကို အပြစ်ပေးအရေးယူခံရမှု ကင်းလွတ်စွာနဲ့ ကျူးလွန်နိုင်နေတာ ဆိုပါတယ်။
“လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေက လုံလောက်မှုမရှိဘူးဆိုတာ ရှင်းလင်းနေပါတယ်။ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျ နိုင်ငံတွေအနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ပစ်မှတ်ထား ပေါင်းစပ်ညှိနှိုင်းပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရမှာဖြစ်ပါတယ်။ အစိုးရများအနေနဲ့လည်း ကနေဒါရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ပြီး မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှု ပိတ်ပင်ရမှာ ဖြစ်ပါတယ်။ထိုင်းနဲ့ စင်ကာပူတို့အနေနဲ့လည်း အခုထက်ပိုမိုလုပ်ဆောင်ရမှာဖြစ်ပြီး၊ Asia Sun group ကို မိမိတို့နယ်နမိတ် အတွင်း လုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေတာကို တားဆီးပိတ်ပင်ရမှာဖြစ်သလို၊ စစ်အုပ်စုရဲ့ ကုန်သွယ်ရေးလိမ်လည်မှုကိုလည်း စုံစမ်းစစ်ဆေးရမှာလည်း ဖြစ်ပါတယ်။ အစိုးရများအနေနဲ့ စစ်အုပ်စုက အရပ်သားပြည်သူတွေကို သတ်ဖြတ်နေမှုတွေ ရပ်တန့်ဖို့၊ တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုမျိုး ပေးအပ်ခြင်းအားဖြင့် အားပေးကူညီနေတာတွေကို ရပ်တန့်ဖို့နဲ့ စစ်မှန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်” လို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလို့ ပြောပါတယ်။
အစိုးရတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုမိုခိုင်မာအားကောင်းစေဖို့နဲ့ ဟာကွက်တွေကို ပိတ်ပင်ဖို့၊ စစ်အုပ်စုရဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ဖို့နဲ့ ကမ္ဘာ့ဈေးကွက်အတွင်း စစ်အုပ်စုရဲ့ လေယာဉ်ဆီရယူနိုင်စွမ်းကို ပိတ်ဆို့တားမြစ်ရေးတို့ကို မဖြစ်မနေ အရေးတကြီး လုပ်ဆောင်ပေးဖို့ JFM က တောင်းဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့သြစတြေးလျတို့အနေနဲ့ စစ်အုပ်စုရဲ့ အမည်နဲ့ ဖွဲ့စည်းပုံ ပြောင်းလဲပြီးနောက်တွင်လည်း စစ်အုပ်စုနဲ့ ၎င်းရဲ့အဖွဲ့ဝင်တွေကို ဆက်လက်ဒဏ်ခတ်ပိတ်ဆို့နိုင်ဖို့ အတွက် အရေးယူမှုတွေကို ပြင်ဆင်တိုးချဲ့ဖို့လည်း အသိပေးပါတယ်။
ဒါ့အပြင် MPE၊ NEPAS နဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲ ထည့်သွင်းဖို့နဲ့ လက်ရှိ ကနေဒါနိုင်ငံတစ်ခုတည်းကသာ လုပ်ဆောင်ထားတဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်တားမြစ်ချက်ကို လိုက်ပါဆောင်ရွက်ကြဖို့လည်း JFM က တိုက်တွန်းပါတယ်။
စင်ကာပူနဲ့ ထိုင်းအာဏာပိုင်တွေ အနေနဲ့ စစ်အုပ်စု၊ Asia Sun group နဲ့ ၎င်းတို့မိတ်ဖက်တွေရဲ့ အကောက်ခွန်ဆိုင်ရာ လိမ်လည်မှုတွေအပြင် ပြည်တွင်းဥပဒေ ဆက်စပ်ချိုးဖောက်မှုတွေ ရှိ၊ မရှိ အပေါ်မှာ စုံစမ်းစစ်ဆေးသင့်တယ်လို့ ထောက်ပြပါတယ်။
စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က ၎င်းတို့နိုင်ငံအတွင်းက ကုမ္ပဏီ တွေ လူပုဂ္ဂိုလ်တွေကို ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေ လိုက်နာမှုရှိစေဖို့နဲ့ စစ်အုပ်စုထံ လေယာဉ်ဆီ ပံ့ပိုးပေးမှုမှာ နယ်နမိတ်နဲ့ ဘဏ်တွေကို အသုံးပြုတာ ရပ်တန့်ဖို့ အထူးတာဝန်ရှိတယ်လို့ JFM က ဆိုပါတယ်။
တောင်အာဖရိကအာဏာပိုင်တွေအနေနဲ့လည်း တောင်အာဖရိက ကနေ မြန်မာနိုင်ငံကို လောင်စာဆီ တင်ပို့နေတာ ရှိ၊ မရှိ နဲ့ တောင်အာဖရိကကို လောင်စာဆီသယ်ယူရေးအစပြုရာနေရာအဖြစ် မှားယွင်းစွာ ဖော်ပြထားတာ ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့နဲ့ ယူအေအီးအစိုးရအနေနဲ့လည်း သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးစနစ်တွေကို ထိခိုက်အားနည်းအောင် လုပ်ဆောင်နေသူတွေရဲ့ အန္တရာယ်ကနေ နယ်နမိတ်နဲ့ ဘဏ်စနစ်တွေကို ကာကွယ်ဖို့ အစီအမံတွေ ပိုမိုအားကောင်းလာစေဖို့ တိုက်တွန်းထားပါတယ်။
အစိုးရတွေအနေနဲ့ စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်နေတာက မြန်မာ့အကျပ်အတည်းကို သက်ဆိုးရှည်စေပြီး စစ်အုပ်စုကိုရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ ပိုမိုရဲတင်းလာစေမှာဖြစ်တယ်လို့လည်း JFM က သတိပေးထားပါတယ်။





















































