အောက်တိုဘာ-၂၆၊၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မနက် ၇နာရီကျော်အချိန်ခန့်က စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးက ဆိုင်တစ်ဆိုင်မှာ စစ်မှုထမ်းကြေးကောက်ခံဖို့ စာရင်းပြုစုနေတဲ့ နဘဲပင်ရွာက စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဆန်းဝင်း၊ဇော်လင်းအောင်နဲ့ ပေါက်ကိုယ်တော်တပည့်လုပ်ခဲ့ဖူးတဲ့ သူရိန် တို့ ၃ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဆန်းဝင်းနဲ့ပေါက်ကိုယ်တော်ရဲ့ တပည့်ဖြစ်ဖူးသူ သူရိန်တို့ ၂ ဦးမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဇော်လင်းအောင် ဆိုသူမှာမူ ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“ဘာမှတော့မသိမ်းဆည်းခဲ့ရဘူး။ နယ်မြေကြပ်တော့လုပ်ရတာခက်ခဲတာနဲ့အမြန်ပြန်ထွက်ခဲ့တာပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၁ နာရီခန့်အကြာမှာ စစ်တပ်က ကား ၁စီးနဲ့ ရောက်လာပြီး စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ၎င်းတို့ မသင်္ကာတဲ့ အမျိုးသား ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့်နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။





















































