အောက်တိုဘာ-၂၆၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့ဘက် ထွက်လာတဲ့ စစ်ကြောင်းနဲ့ အဲဒီစစ်ကြောင်းအတွက် စစ်ကူပို့လိုက်တဲ့ ဝန်းသိုမြို့က ထွက်လာတဲ့စစ်ကြောင်းတို့ တိုက်ခိုက်ခံရပြီး စစ်ကြောင်းတွေပျက်ကာ ကံကုန်းရွာမှာ စုဖွဲ့မှု လုပ်ထားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းနဲ့ ကံကုန်းရွာအနီးမှာ မနေ့ညပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
“ညပိုင်းက ထိတွေ့(တိုက်ပွဲ)ဖြစ်ထားတာ။ စစ်ကြောင်းက တော်တော်အထိနာတယ်။ စစ်ကြောင်းတွေက ပျက်သလောက်ကို ဖြစ်နေပြီ”လို့ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကြောင်းဟာ ကံကုန်းရွာအနီးမှာပဲ ရှိနေသေးပြီး တောလမ်းအတိုင်း ဖောက်ထွက်ဖို့ ကြိုးစား နေတာလို့ ဆိုပါတယ်။
အထိနာနေတဲ့ စစ်အုပ်စုဟာ တောလမ်းကတဆင့် ထီးချိုင့်နယ်ကို ဖြတ်ပြီး လက်ရှိ အင်းတော်-ထီးချိုင့်လမ်းပိုင်း၊ လယ်ပြင်ရွာမှာ ပိတ်မိနေတဲ့ စစ်ကြောင်းနဲ့ ပေါင်းဖို့ ကြိုးစားနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အင်းတော်ကနေ ထီးချိုင့်မြို့ကို ထိုးစစ်ဆင်ပြီး လမ်းပိုင်းထိန်းချုပ်ဖို့ ကြိုးစားနေတဲ့စစ်ကြောင်းလည်း စစ်ကြောင်းပျက်လုနီးပါးဖြစ်ကာ နေ့တိုင်း လေယာဉ်တွေကြဲချနေတယ်လို့ သိရပါတယ်။





















































