ဇူလိုင် ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပဲခူးတိုင်း၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်အကြား စစ်ရေးတင်းမာနေကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ဇူလိုင် ၆ရက်မှာ ထုတ်ပြန်အသိပေးခဲ့ပြီး ပကဖ အပါအဝင် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေကို ပံ့ပိုးကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေတာရှည်မြို့နယ် ပိတောက်ကုန်းရွာနဲ့ ကျွန်းကုန်းရွာတို့မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသတွင်း ပကဖ ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့သလို လေကြောင်း တိုက်ခိုက်တာ၊ ပိတောက်ကုန်းနဲ့ ကျွန်းကုန်းရွာတွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့ရာ ဒေသခံတွေလည်း စစ်ရှောင်နေကြရပါတယ်။
“ စစ်ဆင်ရေးနယ်မြေတွင်စစ်ရေးများတင်းမာလျက်ရှိပါသည်။ ထို့ကြောင့်မိဘပြည်သူများအနေဖြင့် မိမိတို့ရေတာရှည်ပကဖအပါအဝင် နီးစပ်ရာတပ်ရင်းများအား တတ်နိုင်သမျှပါဝင်ကူညီပေးပါရန် တောင်းဆိုချင်ပါသည်” လို့ ရေတာရှည်မြို့နယ်ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Public Service Announcement
ကျွန်းကုန်းနဲ့ ပိတောက်ကုန်းရွာက စစ်တပ်ကို မြို့နယ် ပကဖ အပါအဝင် နေပြည်တော်တိုင်းစစ်ဌာန၊ဗျုဟာအမှတ် (၁၈)နဲ့ (၁၉) လက်အောက်ရှိ တပ်ရင်းများပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိအခိုက်အကျဆုံးရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် PDF ရဲဘော်အချို့လည်း ကျဆုံးခဲ့တယ်လို့ မြို့နယ်ပကဖက အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကို လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ မပေါ့ဆဘဲ သတိထား ရှောင်တိမ်းကြဖို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF တပ်ရင်း(၃၅၀၄) တပ်ခွဲ(၁)က ထုတ်ပြန်ထားပါတယ်။
ဒ့ါအြပင် တပ်ဖွဲ့အတွက်သာမက မြို့နယ်အတွင်း စစ်ရှောင်နေတဲ့ ပြည်သူတွေအတွက်ပါ လိုအပ်နေတဲ့ ရိက္ခာဖြည့်ဆည်းနိုင်ဖို့ မိုးတွင်းရိက္ခာ ဆန်အိတ်ကူပါ ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူတွေ ပါဝင်အားဖြည့်ကြဖို့လည်း နှိုးဆော်ထားပါတယ်။
လတ်တလော ရေတာရှည်နယ်မှာ စစ်ရေးအခြေအနေကြောင့် ဘေးကင်းရာ ရှောင်တိမ်းနေရတဲ့ ရွာပေါင်း ၂၀ ခန့်ရှိတယ်လို့ တပ်ရင်း(၃၅၀၄) တပ်ခွဲ(၁)က ရဲဘော်တဦးက အသိပေးထားပါတယ်။ PDF ရဲဘော်တွေအနေနဲ့ ပြည်သူကျွေးတဲ့ ထမင်းစား တိုက်ပွဲဝင်နေရတာလို့ အသိပေးပါတယ်။
“ ကျနော်တို့မှာ ပြည်သူတွေကလည်း ရှောင်တိမ်းနေရတာ ရွာက တရွာနှစ်ရွာလည်းမဟုတ်ဘူး ရွာတွေက တအားများတာဗျ။ ဆယ့်လေးငါး ရှစ်ရွာ ရွာပေါင်း ၂၀ ပတ်ဝန်းကျင်လောက်ဆိုတော့ ကျနော်တို့လည်း စားနပ်ရိက္ခာတောင်းဖို့လည်း သူတို့လည်း မပို့နိုင်ဘူး။” လို့ တပ်ရင်း(၃၅၀၄) တပ်ခွဲ(၁) ရဲဘော်က ပြောပါတယ်။
ဒါကြောင့် ရှိတဲ့ရိက္ခာနဲ့ အဆင်ပြေအောင် တိုက်ပွဲဝင်နေသလို လိုအပ်တဲ့ စစ်ရှောင်တွေကို ပြန်လှူထားတာရှိကြောင်း အသိပေးပါတယ်။
အခုရက်ပိုင်းမှာ စစ်တောင်းမြစ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတာမို့ ရိက္ခာကို ချင့်ချိန်ပြီး စစ်တိုက်နေရတာရှိတဲ့ အခြေအနေဖြစ်ကာ ရိက္ခာလည်းလို၊ ကျည်လည်းလိုတဲ့ အခြေအနေ ဟု တပ်ရင်း(၃၅၀၄) တပ်ခွဲ(၁) ရဲဘော်က ပြောပါတယ်။
ရေတာရှည်မြို့နယ် တပ်ရင်း(၃၅၀၄)က ဒေသတွင်း စစ်ရေးအခြေအနေကို အသိပေးထားရာ ဇွန် ၁၈က ဖြစ်ခဲ့တဲ့ ကျွန်းကုန်းရွာနဲ့ ပိတောက်ကုန်းရွာ တိုက်ပွဲမှာ စစ်တပ်က အထိနာလို့ လေကြောင်းအင်အားနဲ့ အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်တဲ့နေ့မှာ စစ်ကောင်စီမှ ဂျက်ဖိုက်တာ ( Jet Fighter ) (၂) စီး၊ Mi-35 ရဟတ်ယာဉ် (၁) စီးတို့ဖြင့် အပြင်းအထန် ဗုံးကြဲခဲ့သလို နောက်ရက်တွေမှာ Y-12 လေယာဉ်များဖြင့် ဆက်တိုက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဝေဟင်ရော မြေပြင်ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဟု အသိပေးပါတယ်။
ဒါကြောင့် ခေတ္တဆုတ်ခွာပေးခဲ့ရတဲ့ အချိန်မှာ စစ်တပ်ဟာ ကျွန်းကုန်းနဲ့ ပိတောက်ကုန်းရွာ ၂ရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့ကြောင်းထုတ်နြပ်ပါတယ်။
စစ်တပ်လေကြောင်း တိုက်ခိုက်မှုမှာ ရဲဘော် ၁ဦး ကျဆုံးခဲ့ပြီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ လူထုကို ဒုက္ခပေးဖို့ ရိက္ခာ လမ်းကြောင်းတွေ အဓိကဖြတ်တောက်ထားတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် ဒေသခံ စစ်ဘေးရှောင်ပြည်သူလူထုမှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အလွန်အမင်း ခက်ခဲကျပ်တည်းလျက် ရှိနေကြောင်း အသိပေးထားပါတယ်။

















































