Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ခြမ်းကို စစ်တပ် အင်အားတိုး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှားကွဲကျေးရွာကို စစ်တပ်က မန္တလေးတိုင်းဘက်ကနေ အင်အားဖြည့်တာတွေ ပြုလုပ်နေပြီး သစ်ဆိမ့်ရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်-၆၊ ၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှားကွဲကျေးရွာကို စစ်တပ်က မန္တလေးတိုင်းဘက်ကနေ အင်အားဖြည့်တာတွေ ပြုလုပ်နေပြီး သစ်ဆိမ့်ရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၄ရက် ညနေပိုင်းမှာ သစ်ဆိမ့်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာကတည်းက ကျောက်မြောင်းမြို့ အခြေစိုက် ခလရ-၁၂က စစ်ကြောင်းထိုးကာ သစ်ဆိမ့်၊ ရှားကွဲ၊ရေဂမိုး အပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေကို အင်အားဖြန့် တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ခဏခဏ လျှောက်ရှို့နေတာပဲ။ အဲဒီအနား စကစပဲရှိတော့ ဘယ်လောက်ရှို့သွားလဲမသိရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရှိမ်းမကားရွာအနီး ရောက်နေတဲ့ စစ်သင်္ဘော၂စီးကလည်း ဇူလိုင် ၅ရက် ညနေပိုင်းမှာ စဉ့်ကူးမြို့နယ် ထုံးကြီးရွာဆိပ်ကမ်းကို ကပ်ခဲ့ပြီး ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှားကွဲရွာဘက် စစ်တပ်က အင်အားပို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညနေကလည်း အင်အားပို့တယ်။ ဒီနေ့မနက်ကလည်း ပို့တယ်။ ကြားတာကတော့ ဗျူဟာမှူး ပြောင်းတယ်ကြားတယ်ပဲ။ အဲလိုသာမှန်ရင်တော့ အခုရက်ပိုင်း နယ်မြေ ပြန်လှုပ်လာနိုင်တယ်”လို့ ဒေသခံတစ်ဦးက ဒေသတွင်းစစ်ရေးတင်းမာလာနိုင်တဲ့အခြေအနေကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မတ္တရာမြို့ဘက်ကနေ စစ်ကား ၃စီးနဲ့ ဒီနေ့မနက်ပိုင်းမှာ ထုံးကြီးရွာကို အင်အားပို့ခဲ့ပြီး ထုံးကြီးရွာကတဆင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အင်အားပို့နေတာလို့ သိရပါတယ်။

ဒီနေ့ ဇူလိုင် ၆ရက် နေ့လယ်ပိုင်းမှာတော့ စစ်သင်္ဘော ၂စီး အောက်ကို ပြန်စုန်လာပြီး တစ်စီးက ရှိမ်းမကားရွာ အရှေ့နားမှာ ရပ်ထားကာ နောက်တစ်စီးက မန္တလေးဘက်ကို ဆက်စုန်နေကာ မတ္တရာမြို့နယ်အတွင်း ရောက်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ