ဇူလိုင် ၈ ၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ဂွမြို့အနီးဝန်းကျင်နဲ့ ကျိန္တလီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ၂ရက်ဆက်ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြေပါတာယ်။
ဒီနေ့ ဇူလိုင်လ ၈ ရက် မနက် ၉ နာရီကျော်မှာ ဂွပင်လယ်ပြင်အတွင်း ရပ်နားထားတဲ့ စစ်ရေယာဉ်တွေ ကနေ လက်နက်ကြီးအလုံး ၃၀ ကျော် လှမ်းပစ်ခဲ့တာဖြစ်ပြီး ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ်(၃)ရပ်ကွက် လူနေအိမ်တွေ ပေါ်ကျရောက်ပေါက်ကွဲ ထိခိုက်ဒဏ်ရာရခဲ့တာပါ။
“ဂျက်ဖိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်နေတာ နှစ်ရက်ရှိပြီ။ ဒဏ်ရာရတဲ့သူတွေကတော့ ဒီနေ့မနက်က နေဗီ (Navy)က ပစ်လို့ ရကြတာ။ ကျိန္တလီမြို့ထဲက အိမ်ကိုတည့်တည့် ကျတယ်။ ကလေးတွေပါတယ်ဗျ။ ဒဏ်ရာပြင်း တာ နှစ်ယောက်ရှိတယ်။ ဆေးခန်းပို့ပေးထားကြပါတယ် အခု” လို့ ကျိန္တလီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement


လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူတွေဟာ (၅)နှစ်အရွယ် မရတနာထွန်း၊ (၁၇)နှစ်အရွယ် မသင်းသီရီ ထွန်း၊ (၄၅)နှစ်အရွယ် ဒေါ်မထား၊ (၇၄) နှစ်အရွယ် ဒေါ်သန်းမေ၊ (၄၈) နှစ်အရွယ် ဦးညိုထွန်းနဲ့ (၅၀) အရွယ် ဒေါ်မိဝိုင်းတို့ ဖြစ်ကြပါတယ်။
“မြို့ကို တည့်တည့်ပစ်တာ။ အိမ်ပေါ်ကို တည့်တည့်ကျတယ်။ ဒဏ်ရာရတာမှာ အမျိုးတွေ၊ ညီအစ်မတွေပါတယ်။ မိသားစုတွေ၊ ဒီအတိုင်းဆိုရင် ကျိန္တလီမှာဆက်နေဖို့တောင် မလွယ်တော့ဘူး” လို့ ကျိန္တလီမြို့ခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင်လ ၇ ရက်ကလည်း ဂွမြို့နယ် စည်ပင်ကျောက်ကြီးရွာအနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးအလုံးရေ ၁၀နီးပါး ကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဗုံး ကြဲမှုကြောင့်တော့ အရပ်သားထိခိုက်မှုမရှိပါဘူး။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော်ရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၆ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ ၂၃ ရက်ကလည်း ဂွမြို့နယ် ကံ့ကော်တောင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ ၂၀ ရက်နဲ့ ၁၅ ရက်မှာလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်နဲ့ ကျိန္တလီမြို့အနီး ရမ္မာကျွန်းရွာတို့ကို ဗုံး ကြဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ ဂွမြို့နယ်အတွင်းက လူနေကျေးရွာတွေကို လေကြောင်းဗုံးကြဲနေသလို ဂွပင်လယ်ပြင်အတွင်း ရပ်နား ထားတဲ့ စစ်ရေယာဉ်(Navy)တွေကနေလည်း ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သူတို့လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့ အစပ်မြို့ နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲမြို့နယ်တို့အတွင်း ပင်လယ်ပြင်မှာ စစ်ရေယာဉ် ၅စီးထက်မနည်း အချိန်ပြည့်နေရာယူ ထားပြီး ပင်လယ်ကမ်းစပ်ကျေးရွာတွေကို အဓိကပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ၆လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။


















































