ဇူလိုင် ၁၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
မနေ့က ဇူလိုင် ၉ ရက် ညနေ ၄ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ဖူလုံရွာ၊ အမှတ် (၂၅၆) ခြေလျင်တပ်ရင်းထဲကနေ လက်နက်ကြီး ၂ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီး ၂လုံးဟာ ခင်မွန်ကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အသက် (၃၄)နှစ်အရွယ် ကိုထွန်းနိုင်လင်းနဲ့ အသက် (၇၅) နှစ်အရွယ် ဒေါ်သန်းချစ် တို့နှစ်ဦး နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“တစ်လုံးက ရွာထဲကျတာ။ တစ်လုံးက ရွာအနီးကျတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အသက် (၁၀) နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသား (၃) ဦး၊ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
ခလရ (၂၅၆)တပ်ရင်းကနေ လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေပြီး ဇွန်လ ၁၈ ရက်ကလည်း ရွာထောင်ရွာအနီး လက်နက်ကြီးကျလို့ အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဇွန်လ ၂၂ ရက်ကလည်း မုံညင်းရွာ ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျည်ကျပြီး သံဃာ ၁ပါးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက အသိပေးထားပါတယ်။


















































