Connect with us

Hi, what are you looking for?

သတင်း

မောတောင်ဒေသမှာ တော်လှန်ရေးတပ်တွေ ပြန်တိုက်ပွဲဝင်ဖို့ အသင့်ရှိပြီဟု KNU တပ်မဟာ(၄) အသိပေး

စစ်တပ်ထိုးစစ်ခုခံရင်း တော်လှန်ရေးရဲဘော် ၅၀ ကျော် ကျဆုံး၊ စစ်တပ်က ၅၀၀ ကျော်သေ၊ အလင်းဝင်သူနဲ့ ဖမ်းမိသူ ၁၀၀ ခန့်ရှိဟု ထုတ်ပြန်

(မြန်မာ-ထိုင်းနယ်စပ်က မောတောင်မြို့သိမ်းတိုက်ပွဲမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - FFD)

ဇူလိုင် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မောတောင်ဒေသ စစ်ရေးအခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)လက်အောက်ခံ BLACK COBRA COLUMN က ဒီကနေ့ ထုတ် ပြန်ပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်နေပြီဖြစ်လို့ ဒေသတွင်း ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် လိုက်နာရမယ့်အချက်တွေ လိုက်နာဖို့ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် KNLA တပ်မဟာ (၄) လက်အောက်ခံ အမှတ်(၁၁) တပ်ရင်းနယ်မြေ၊ ကေအဲန်ယူ-တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်နယ်စပ် စခန်းသို့ဦးတည်ကာ တနင်္သာရီ-မောတောင် ကားလမ်းအား ပြန်လည် စိုးမိုရေးအတွက် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်များနဲ့ ကာလရှည်တိုက်ပွဲဖြစ်ပွားခဲ့မှု၊ မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရမှုနဲ့ အခု တိုက်ပွဲဝင်ဖို့ အသင့်ရှိမှု အခြေအနေတွေ စုစည်းထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

” ရဲဘော်များအနေဖြင့် အနားယူခြင်းနှင့် လိုအပ်သော မွမ်းမံ ပြင်ဆင် ခြင်းများ ပြုလုပ်ပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်သည်။ ထိုကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ရှေ့ရှု့၍ အောက်ဖော်ပြပါ အချက်အလက် များကို လိုက်နာ ပေးပါရန် သတင်းထုတ်ပြန် အပ်ပါသည်။” လို့ BLACK COBRA စစ်ကြောင်း ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး လိုက်နာရမယ့် အချက် ၆ချက်ကို အသိပေးထားပါတယ်။

အဲဒီအချက်တွေမှာ မောတောင်မြို့အဝင် (နကသဂိတ်) မှ အမှတ် (၉) ကျေးရွာအထိ ကုန်ကားများ ဖြတ်သန်း သွားလာခြင်း ခွင့်မပြုဟု အသိပေးထားထားပြီး ဒေသခံပြည်သူများ အနေနဲ့ သွားလာရန်ရှိပါက အိမ်စီးကားများ၊ ဆိုင်ကယ်များဖြင့်သာ သွားလာကြရန် ဖော်ပြထားပါတယ်။

ဒါအပြင် ထုံခါးလမ်းဆုံမှ အမှတ် (၉) ကျေးရွာအထိ လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် မပြုတဲ့ အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ပါတယ်။

တားမြစ်ထားတဲ့ ဒေသအတွင်း ဖြတ်သန်းသွားလာပါက စစ်ရေးပစ်မှတ်နဲ့ မှားယွင်း ထိခိုက် နိုင်သောကြောင့် တိကျစွာ လိုက်နာပေးဖို့ လည်း လေးနက်စွာ အသိပေး နှိုးဆော်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့များနဲ့ သတင်းပေး သတင်းယူရှိသူများ၊ အကူအညီ ပေးသူ များအား စီစစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့များနဲ့ လွတ်ကင်းစွာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီနဲ့ ပတ်သက်သော လူ၊လက်နက်၊ ခဲယမ်းနဲ့ အခြားပစ္စည်းများ တင်ဆောင်လာသောကားနဲ့ အခြားယာဥ်များအား စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ အသပေးထားပြီး ဘာအကြောင်းနဲ့မှ အဲဒီလို ပစ္စည်းတွေ တင်ဆောင်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။

စည်းကမ်းချက်များအား လိုက်နာမှု မရှိသူတွေဟာ ဖမ်းဆီးခံရတာ ၊ ပြင်းထန်စွာ အပြစ်ပေးခံရတာ ရှိနိုင်တာကြောင့် ပြည်သူ လူထုအနေနဲ့ လုံခြုံရေးအရ သတိပေး တားမြစ်ချက်များ အပေါ် လိုက်နာပေးကြဖို့ အသိပေးထားပါတယ်။

ယခု မောတောင်ဒေသ စစ်ရေး ဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခဲ့တဲ့ BLACK COBRA စစ်ကြောင်းဟာ KNLAနဲ့PDF တပ်တွေ စုစည်းထားတဲ့ စစ်ကြောင်းတခုဖြစ်တယ်လို့ KNLAတပ်မဟာ(၄)သတင်းရင်းမြစ်က ပြောပါတယ်။

BLACK COBRA စစ်ကြောင်းရဲ့ ယခု ထုတ်ပြန်ချက်ကို KNU မြိတ်ထားဝယ်ခရိုင်ကလည်း ဒီကနေ့ မှာ ပြန်လည်ဖော်ပြထားပါတယ်။ မြန်မာ-ထိုင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မောတောင်ဒေသကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ၂၀၂၄ ကတည်းက ထိုးစစ်ဆင်လာခဲ့ရာ KNLA ပူးပေါင်းတပ်က ၁နှစ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ဒါ့အပြင် မောတောင်မြို့ကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းကို ခုခံ တားဆီးနိုင်ရုံမကဘဲ မောတောင်မြို့ကိုပါ KNLA ပူးပေါင်းတပ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ စစ်တပ်က အင်အားအလုံးအရင်း လေကြောင်း ပစ်ကူတွေနဲ့ ပြန်လည်ထိုးစစ်ဆင်လာလို့ မောတောင်မြို့ကို ၆လကြာ ထိန်းချုပ်ထားတဲ့ KNLA ပူးပေါင်းတပ်က မြို့ကနေ ပြန်ဆုတ်ခွာခဲ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၆ ဧပြီလမှ စတင်ကာ ဗျူဟာ ၂ခု ၊ တပ်ရင်း ၁၁ ရင်း ပါဝင်သော အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင်နွဲ့ခြင်း၊ သဲဖြူကျေးရွှာမှ မောတောင်မြို့ အထိ လမ်းမကြီးတစ်လျှောက်ရှိ အများပြည်သူနေထိုင်ရာ ကျေးရွှာများသို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ဒရုန်းများအသုံးပြုကာ တိုက်ခိုက်ခြင်းများကို အပြင်းအထန်ပြုလုပ်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ကာလရှည် ခုခံစစ်အတွင်း စစ်ပမ်းနေခြင်း၊ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှု များပြားလာခြင်းတို့ကြောင့် သိမ်းပိုက် ထိန်းချုပ်ထားခဲ့သော မောတောင်မြို့၊ ထုံခါး-မောတောင် လမ်းမကြီးအား မေလ ၁၆ ရက်နေ့မှာ ခွာစစ်ဆင်ခဲ့ရတာ လို့ BLACK COBRA စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

မောတောင်ဒေသ စစ်တပ်ထိုး စစ် ခုခံရာမှာ တော်လှန်ရေးရဲဘော် ၅၁ ဦး ကျဆုံးခဲ့ရသလို ခန္ဓာကိုယ် အစိတ်အပိုင်းများ စွန့်လွတ်ပေးဆပ် ခဲ့ရသော ရဲဘော် (၁၃) ဦး၊ အခြားသာမန်ဒဏ်ရာရ ရဲဘော်များစွာ ရှိခဲ့တယ်လို့ အသိပေးပါတယ်။

တစ်နှစ်ကျော်ကြာ ခုခံစစ်ကာလအတွင်း စစ်ကောင်စီ တပ်သား (၅၀၀) ကျော် သေဆုံးပြီး (၁၀၀၀) ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ဟု ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်သူ့ ရင်ခွင်သို့ ဘက်ပြောင်း ခိုလှုံလာသော စစ်ကောင်စီတပ်သား ၄၆ ဦးရှိပြီး သူတို့ ယူလာတဲ့ လက်နက် ၃၆ လက်ရှိခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် မောတောင်မြို့သိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်း (၅၃) ဦး ဖမ်းဆီးရမိခဲ့ပြီး အဲဒီ ဖမ်းမိသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ စီမံဆောင်ရွက်ထားတဲ့ အခြေအနေတွေကို သီးခြားထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။