Connect with us

Hi, what are you looking for?

သတင်း

Apple နှင့် OpenAI တို့၏ အနာဂတ်လုပွဲ

Apple က OpenAI နှင့် ဝန်ထမ်းဟောင်းနှစ်ဦးကို လုပ်ငန်းလျှို့ဝှက်ချက် ခိုးယူမှုဖြင့် တရားစွဲ

– ဥဂ္ဂါ ရေးသားသည်။

Apple နဲ့ OpenAI တို့ရဲ့ ဆက်ဆံရေးဟာ တစ်ချိန်က ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်ဆက်ဆံရေး ဖြစ်ခဲ့ပေမယ့် ယနေ့မှာတော့ တရားရုံးအထိ ရောက်ရှိလာတဲ့ ပြိုင်ဘက် ဆက်ဆံရေးအဖြစ် ပြောင်းလဲ လာခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ Apple က ChatGPT ကို ပိုင်ဆိုင်တဲ့ OpenAI နဲ့ Apple ဝန်ထမ်းဟောင်းနှစ်ဦးကိုApple ရဲ့ကုန်သွယ်မှု လျှို့ဝှက်ချက်တွေကို မတရားရယူ အသုံးပြုခဲ့တယ် ဆိုပြီး တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်။

ဒီအမှုဟာ ဝန်ထမ်းဟောင်းနှစ်ဦးရဲ့ လုပ်ရပ်ကိုသာ အဓိကထားတဲ့ အမှုမဟုတ်ဘဲ AI ခေတ်သစ်မှာလူတွေအသုံးပြုမယ့် စက်ပစ္စည်းတွေကို ဘယ်ကုမ္ပဏီက ဦးဆောင်မလဲ ဆိုတဲ့ အနာဂတ် ပြိုင်ဆိုင်မှုနဲ့လည်း တိုက်ရိုက် ဆက်နွှယ်နေပါတယ်။

Public Service Announcement

Public Service Announcement

Apple ရဲ့ စွဲချက်အရ OpenAI ဟာ Apple ဝန်ထမ်းဟောင်းတွေကို ဝန်ထမ်းခေါ်ယူရေး လုပ်ငန်းစဉ်တွေနဲ့ ကုန်ပစ္စည်း ပံ့ပိုးသူတွေကတစ်ဆင့် Apple ရဲ့ ကုန်သွယ်မှု လျှို့ဝှက်ချက်တွေကို စနစ်တကျ ရယူအသုံးချပြီး မိမိတို့ရဲ့ Hardware စက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကို အရှိန်မြှင့်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

တရားစွဲဆိုခံထားရသူတွေထဲမှာ OpenAI အပြင် Apple ဝန်ထမ်းဟောင်း နှစ်ဦးဖြစ်တဲ့ Chang Liu (အဆင့်မြင့်စနစ်လျှပ်စစ်အင်ဂျင်နီယာဟောင်း) နဲ့ Tang Yew Tan (iPhone နဲ့ Apple Watch ထုတ်ကုန်ဒီဇိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌဟောင်း) တို့ ပါဝင်ပါတယ်။

Apple ရဲ့ အဆိုအရ Chang Liu ဟာ Apple ကုမ္ပဏီပိုင် Laptop ကိုအလုပ်ထွက်ချိန်မှာ ပြန်မအပ်ခဲ့တဲ့အပြင်နောက်ပိုင်းမှာစနစ်ချို့ယွင်းချက် တစ်ခုကို အသုံးချပြီး Apple ရဲ့ အတွင်းကွန်ရက်ထဲကို ထပ်မံ ဝင်ရောက်ကာ စက်ပစ္စည်းဆိုင်ရာလျှို့ဝှက်ဖိုင်တွဲ အများအပြားကို ရယူခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။

Tang Yew Tan ကတော့ Apple မှာ ၂၄ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လက်ရှိ OpenAI ရဲ့ စက်ပစ္စည်းပိုင်း ဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။ Apple က Tan ဟာ အလုပ်မထွက်ခင် Apple ရဲ့ ကုန်ပစ္စည်း ပံ့ပိုးသူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ လုပ်ငန်းတွင်း အကျဉ်းချုပ် စာရွက်စာတမ်းတွေကို ကိုယ်ပိုင်အီးမေးလ်ထံ ပေးပို့ခဲ့ပြီး လျှို့ဝှက်အချက်အလက် တွေကို စနစ်တကျ အသုံးချခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။

ဒါ့အပြင် OpenAI မှာ အလုပ် အင်တာဗျူး လာရောက် ဖြေဆိုမယ့် Apple ဝန်ထမ်းတွေကိုလည်း Apple ရဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေကို “ယူဆောင်ပြသရန်”တိုက်တွန်းခဲ့တယ်လို့ Apple ဘက်က ဆိုထားပါတယ်။

Apple ရဲ့ ပြောကြားချက်အရ OpenAI မှာ လက်ရှိ Apple ဝန်ထမ်းဟောင်း ၄၀၀ ကျော်အထိ အလုပ်လုပ်နေပြီး လျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက OpenAI ကို စာရေးသား သတိပေးခဲ့ပေမယ့် တုံ့ပြန်မှု မရခဲ့ဘူးလို့လည်း ဖော်ပြ ထားပါတယ်။

ဒီအမှုဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက Apple နဲ့ OpenAI တို့ဟာ မကြာသေးခင်ကအထိ လုပ်ငန်းမိတ်ဖက်တွေဖြစ်ခဲ့ကြတာပါ။ ၂၀၂၄ ခုနှစ်မှာ Apple ဟာ “Apple Intelligence” စနစ်အတွင်း ChatGPT ကို တိုက်ရိုက် ပေါင်းစပ် အသုံးပြု နိုင်အောင် OpenAI နဲ့ ပူးပေါင်းခဲ့ ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ OpenAI ဟာ Software AI ကုမ္ပဏီတစ်ခုအဖြစ်သာ မရပ်တည်တော့ဘဲ Hardware စက်ပစ္စည်းဈေးကွက်ထဲကို တိုက်ရိုက် ဝင်ရောက်ဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီရည်မှန်းချက် အတွက် Apple ရဲ့ နာမည်ကျော် ဒီဇိုင်နာဟောင်း Jony Ive တည်ထောင်ထားတဲ့ io Products ကို အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးနောက် Apple နဲ့ OpenAI ကြား ပြိုင်ဆိုင်မှုဟာ ပိုမို ပြင်းထန် လာခဲ့တာ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်သူတွေကတော့ ဒီတရားစွဲဆိုမှုရဲ့ အဓိက အရေးပါမှုဟာ လက်ရှိထုတ်လုပ်နေတဲ့ စမတ်ဖုန်း ဈေးကွက်ထက် အနာဂတ် AI စက်ပစ္စည်း ဈေးကွက်အတွက် ဖြစ်တယ်လို့ သုံးသပ် ကြပါတယ်။ အကယ်၍ OpenAI က လက်ရှိ အသုံးများနေတဲ့ App တွေနဲ့ Operating System တွေအပေါ် လုံးလုံးလျားလျား အမှီမပြုတဲ့ AI စက်ပစ္စည်းသစ် တွေကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့မယ် ဆိုရင် Apple ရဲ့ အဓိကဝင်ငွေရရှိရာ iPhone လုပ်ငန်းအပေါ်ပါ သက်ရောက်မှု ရှိလာ နိုင်တယ်လို့ မြင်ကြပါတယ်။

လက်ရှိအချိန်မှာ Apple ရဲ့ စွပ်စွဲချက်တွေဟာ တရားရုံးမှာ သက်သေပြရဦးမယ့် အဆင့်သာ ရှိသေးပေမယ့် ဒီအမှုဟာ OpenAI ရဲ့ Hardware စီမံကိန်းတွေကို ကြန့်ကြာ စေနိုင်သလို တစ်ချိန်က AI နည်းပညာဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Apple နဲ့ OpenAI ကြားက ပျက်စီးလွယ်တဲ့ မိတ်ဖက် ဆက်ဆံရေးကိုလည်း ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

တစ်ဖက်မှာလည်း ဒီတရားစွဲဆိုမှုဟာ ကုန်သွယ်မှု လျှို့ဝှက်ချက် အငြင်းပွားမှုတစ်ခုထက် ပိုမို ကျယ်ပြန့်တဲ့ အဓိပ္ပာယ်ကို ဆောင်နေပါတယ်။ အဲဒါကတော့ AI ခေတ်သစ်မှာ လူတွေရဲ့ နည်းပညာ အသုံးပြုပုံကို ပြောင်းလဲပေးမယ့် မျိုးဆက်သစ် AI Hardware တွေကို ဘယ်ကုမ္ပဏီက ဖန်တီး ဦးဆောင်မလဲဆိုတဲ့ Apple နှင့် OpenAI တို့၏ အနာဂတ်လုပွဲ အစပြုလာခြင်းပဲ ဖြစ်ပါတယ်။ ။

ကိုးကား -Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

အနာဂတ်စစ်ပွဲတွင် ရှုံးနိမ့်ခြင်း

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဉာဏ်ရည်တု နည်းပညာ ညီလာခံ (WAIC)မှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ AI ရပ်ဝန်းရဲ့ ဦးဆောင်သူအဖြစ် ပုံဖော်ဖို့ ကြိုးစားနေပါတယ်။

ဆောင်းပါး

AI ကြောင့် လူတွေ ဝင်ငွေမရှိတော့ရင် AI ဝန်ဆောင်မှုတွေကို ဘယ်သူက ဝယ်သုံးမှာလဲ ?

အတွေးအမြင်

တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ChatGPT လို အေအိုင် (AI) နည်းပညာတွေ ပေါ်ထွက် လာပြီးနောက်ပိုင်း၊ ကမ္ဘာကြီးဟာ သတင်းအချက်အလက် ရှာဖွေပုံချင်း မတူတော့တဲ့ နည်းပညာတော်လှန်ရေးအသစ်တစ်ခုထဲကို ရောက်ရှိလို့နေပါပြီ။