ဇူလိုင် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဇူလိုင် ၁၅ရက်အထိ ရရှိထားတဲ့ သတင်းတွေကို အသိပေးထားရာ ရွှေကူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၇၈)(၄၁၆) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက ဒေသတွင်းကို ထိုးစစ်ဆင်လာလို့ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေရှိသလို ရွှေ့ကူမြို့နယ်မှာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအသုံးပြု နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာတော့ တိုက်ပွဲခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ အသိပေးပါတယ်။ ဖားကန့်ဒေသကို စစ်တပ်က ဇူလိုင် ၁၄ရက်မှာ လေကြောင်းဗုံးကြဲမှု ၃ကြိမ်ပြုလုပ်ခဲ့လို့ ဒေသခံ ပြည်သူလူထုပိုင်နေအိမ် ၁လုံးပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။ အရပ်သားထိခိုက်သေဆုံးမရှိဘူးလို့ အသိပေးပါတယ်။
ဖားကန့်ဒေသ အတွင်းမှာ KIAနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲမဖြစ်တာ ၁လနီးပါရှိပြီဖြစ်ပေမဲ့ စစ်ကာင်စီက ဒေသခံ ပြည်သူတွေကို တင်းကြပ်စွာ စစ်ဆေးနေတယ်လို့ KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
KIAနဲ့ စစ်ကောင်စီတပ်တို့ဟာ ဇူလိုင် ဒုတိယပတ်အတွင်းမှာ ခေါင်လန်ဖူးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေရှိခဲ့ပါတယ်။ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIAက ဇူလိုင် ဒုတိယပတ်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA သတင်းပြန်ကြားရေဌာနရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်ဟာ ကချင်ဒေသ နေရာအတော်များများမှာ စစ်ရေးလှုပ်ရှားတာ၊ စစ်အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။


















































