ဇူလိုင်-၁၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့ရဲ့အနောက်ဘက်ခြမ်းစစ်တွေမြို့နယ် နဲ့ ရသေ့တောင်မြို့နယ်အစပ် ရေချမ်းပြင်ရွာအနီး ကျက်တောပြင်ရွာတဝိုက် အာရက္ခတပ်တော် (AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေတာကြောင့် လေကြောင်းမှပစ်ကူပေးဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
AA ဟာစစ်တွေမြို့ရဲ့အရှေ့ဘက်ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊မြောက်ဘက် ပါဒလိတ်တပ်ရင်းတဝိုက်နဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ )စစ်တွေအနီးတို့မှာ ထိုးစစ်တွေလုပ်နေခဲ့ရာကနေ အခုအခါ မြို့အနောက်ဘက် မယူမြစ်ကမ်းဘေးထိပါ ထိုးစစ်တိုးချဲ့လာတာဖြစ်ပါတယ်။
“ကျက်တောပြင်နားမှာလက်နက်ငယ်ပစ်သံတွေ ကြားနေရတာ သုံး၊ လေးရက်ရှိပြီတဲ့။ အဲဒီဘက်ကလာတဲ့သူတွေ ပြောတာ၊ စစ်တပ်စခန်းတွေနဲ့တိုက်ပွဲဖြစ်နေကြတယ်ပြောတယ်။ မြို့ထဲကနေတော့ အသံတွေမကြားရဘူး။ ကျက်တောပြင်ဆိုတာ ရေချမ်းပြင်နားလေ၊ အဲဒီနားမှာမဆရ(ဆေးတပ်)နဲ့တခြားတပ်ရင်းတွေ ရှိတယ်” လို့စစ်တွေမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးကလည်း ရေချမ်းပြင်နဲ့ ကျက်တောပြင်ရွာအနီးဝန်းကျင်တွေမှာ နှစ်ဖက်တိုက်ပွဲအချို့ ရှိနေတယ်လို့ ပြောပါတယ်။
“ဟုတ်တယ်၊အစပ်တွေမှာ ဖြစ်နေတာ။ တပ်ရင်းကို တိုက်တာတော့မဟုတ်ဘူး။ ကာကင်းတွေကို အခွင့်အရေးရရင် ရသလို ဝင်လုပ်နေကြတယ် အဲဒီဘက်မှာ”လို့သူကပြောပါတယ်။
အခုတိုက်ပွဲဖြစ်နေတဲ့ရေချမ်းပြင်၊ကျက်တောပြင်ရွာတို့ဟာ စစ်တွေမြို့ကနေကိုးမိုင်ဝန်းကျင်အကွာ စစ်တွေ – မောင်တောကားလမ်းမပေါ် မယူမြစ်ကမ်းဘေး၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း၊ အငူမော်တို့နဲ့ တဖက်တကမ်းမှာ တည်ရှိပါတယ် ။ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်- ဒကစ စစ်တွေနဲ့ဆိုရင်လည်း ငါးမိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။
စစ်တပ်ဟာ ဆိပ်ကမ်းရွာဖြစ်တဲ့ ရေချမ်းပြင်မှာ အခိုင်အမာစခန်းချထားပြီး အဲဒီအနီးပတ်လည် ကျေးရွာတွေနဲ့ ကား လမ်းမတလျှောက်မှာလည်း တပ်စခန်းတွေ တိုးချထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“AA က စစ်တွေကို အင်နဲ့အားနဲ့ ထိုးစစ်မဆင်ပေမယ့် ပတ်ပတ်လည်က တိုက်နေတာ တွေ့ရတယ်။အခုဖြစ်နေတဲ့ ရေချမ်းပြင်နဲ့ တဆက်တည်း ပါဒလိတ်နားမှာလည်း ဖြစ်နေတယ်။ အဲလိုမျိုး ပတ်ပတ်လည်က ဝိုင်းထားတာ” လို့ အခြားစစ်တွေဒေသခံတဦးကလည်းပြောပါတယ်။
အဲဒီလိုမြေပြင်တိုက်ပွဲတွေဖြစ်ပွားနေချိန် အာဏာသိမ်းစစ်တပ်က စစ်တွေမြို့အနီးပတ်လည်ကို ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ကင်းလှည့်ပျံသန်းတာတွေ ရက်ဆက်လုပ်နေပြီး ဇူလိုင် ၁၅ ရက်ကဆိုရင် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့ နယ် မနော်သီရိရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ရွာနားကို တလုံး၊ ရွာထဲကို တလုံးကျတယ်။ ဒီရွာမှာက အရပ်သားတွေအကုန်လုံးနေကြတယ်။ အဲဒါကို တမင် လူ တွေသေအောင်လုပ်တာ။ စစ်ပွဲမှာ ရှုံးရင် စစ်ပွဲမှာ ပြန်တိုက်လေ။ လူတွေကို မသတ်နဲ့လို့ ပြောချင်တယ်” လို့ မနော် သီရိကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း ရေချမ်းပြင်ရွာအနီးအပြင် ပါဒလိတ်တပ်ရင်းအနီးဝန်းကျင်၊ ဒကစ စစ်တွေအနီး နာရီကန် ကျေးရွာဝန်းကျင်နဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာပါ တိုက်ပွဲတွေ မကြာခဏရှိနေ တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
AA ဟာ စစ်တွေမြို့ရဲ့ အနောက်ဘက် ရသေ့တောင်မြို့နယ်၊ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အရှေ့ဘက် ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေနဲ့အစပ်နေရာတွေကနေ ဝန်းရံပိတ်ဆို့ကာ စစ် တပ်ကာကင်းစခန်းတွေကို တခုချင်းထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
စစ်တွေမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့ တန်းကာကင်းစခန်းအချို့ကို လက်လွှတ်ထားရပြီး အထိနာ နေပါတယ်။
အဲဒီလိုအထိနာနေချိန် မြို့ပတ်လည် မြစ်၊ ချောင်းတွေမှာ မြေမြှုပ်မိုင်းတွေချထားသလို မြို့ထဲမှာလည်း လုံခြုံရေး တင်းကြပ်ကာ ရိုဟင်ဂျာတွေ၊ စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးမှုတွေ လုပ် နေပါတယ်။
စစ်တွေမြို့မှာ ည ကိုးနာရီကနေ မနက် လေးနာရီအထိ ညမထွက်ရအမိန့်လည်း ထုတ်ထားပြီး ညအချိန် ကင်းပတ် တာတွေ ရှိနေပါတယ်။ “ည ခုနှစ်နာရီလောက်ဆိုရင် ကင်းပတ်ပြီး၊ မိနစ်နှစ်ဆယ်လောက်မှာ စစ်ကား တစီးစီတွေ့ တယ်။ တညလုံးနီးပါး ပတ်နေတာ၊ အိပ်ဖို့တောင် သိပ်မရဘူး။ တပတ်လောက်ရှိပြီ” လို့ စစ်တွေမြို့ မင်းဘာကြီး လမ်းမှာ နေထိုင်တဲ့အမျိုးသမီးတဦးက ပြောပါတယ်။
ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီးကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။
စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။


















































